ตอนที่สาม พม่า

 သွေးစွန်းပလ္လင် (A Kingdom Reborn)

⚜ အပိုင်း ( ၃ )
စနုဆောင်တော်
ကမ္ဘောဇသာဒီနန်းတော်
ဟံသာဝတီနေပြည်တော်
“ခစားမိပါပြီ.. ခမည်းတော်ဘုရား..”
အိမ်ရှေ့စံ မင်းရဲကျော်စွာက ရှင်ဘုရင်၏လက်ဝဲဘက် ဥပရာဇာအိမ်ရှေ့မင်းတို့ ထိုင်ခွင့်ရသောနေရာတွင် ထိုင်လိုက်ပြီးနောက် ခမည်းတော်ကို လျှောက်တင်လိုက်ခြင်း ဖြစ်သည်။
ညဉ့်ညီလာခံကို စတင်ပေတော့မည်။
နန္ဒဘုရင်က အနှိပ်တော်ဆက်နေသော ဘုရင့်အနှိပ်သည်ကြီးကို အချက်ပြလိုက်သည်။ အနှိပ်သည်ကြီးက ခေါင်းကို ငုံ့လျက် ခြေသံပင် မကြားရအောင် တရွေ့ရွေ့ဖြင့် နန်းဆောင်ထဲမှ ထွက်သွားလေသည်။
ဘုရင့်အနီးတွင် သဇီဝ ခေါ် ဓားကိုင် ဝင်းတော်မှူးလေးဦးက လွဲပြီး မည်သူမျှ မရှိတော့။
အိပ်ဖန်တော်အလှည့်ကျ ရာထူးမြင့် မှူးမတ်သေနာပတိများမှာ မိမိတို့ နေရာတော်ကျရာတွင် စုံလင်စွာ ခစားနေကြလေသည်။
နန္ဒဘုရင်က ချောင်းတစ်ချက်ဟန့်လိုက်ကာ စ၍ မေး၏။
“မြို့တော်ဝန်မင်း ဘယ်မတုံး”
နန်းတွင်းအစဥ်အလာအရ မြို့တော်ဝန်မင်းက ညဉ့်ညီလာခံကို စတင်ဖွင့်လှစ်သူဟု ဆိုနိုင်သည်။ ထို့ကြောင့် ဘုရင်က မေးလိုက်ခြင်း ဖြစ်သည်။
မြို့ဝန်မင်းသည် ညီလာခံစတင်ရန် ဘုရင်မင်းမြတ်က အမိန့်ပေးမှန်း နားလည်လိုက်သဖြင့် အသင့်ကိုင်ဆောင်ထားသော ပုရပိုက်ကို စတင်ဖတ်ကြားတော့သည်။
ပုရပိုက်တွင် ပါသည့်အကြောင်းအရာများမှာ ထီးသုံးနန်းသုံး ဝေါဟာရများ ပြည့်သိပ်နေသော်လည်း အမှန်ပါဝင်သည့် အကြောင်းအရာများမှာ ဟံသာဝတီရွှေမြို့တော်တွင် ခိုးသားဓားပြ ကင်းရှင်းသည့်အကြောင်း၊ ရာဇဝတ်ပြစ်မှုများ မရှိသည့်အကြောင်း၊ ဘုရင်မင်းမြတ်၏ဘုန်းတန်ခိုးကြောင့် မြို့တော်တွင် အေးချမ်းသာယာကြောင်း စသည့် လျှောက်ရိုးလျှောက်စဥ် အစီရင်ခံစာသက်သက်သာ ဖြစ်လေသည်။
သို့သော် ညဉ့်ညီလာခံတိုင်း မလွဲမသွေ အစီရင်ခံရသည့်စာ ဖြစ်သောကြောင့် မြို့တော်ဝန်သည် အသံ မတုန်သွားအောင်၊ ရှင်းလင်းပြတ်သားအောင် သတိကြီးစွာ ဖတ်ကြားလျှောက်ထားရလေသည်။ ဘုရင်မင်းမြတ်အတွက် ​ညဉ့်ညီလာခံတိုင်း ကြားဖူးနေကျ စကားများဖြစ်သော်လည်း ဖတ်ကြားလျှောက်ထားရသူ မြို့တော်ဝန်မင်းမှာ မသက်သာလှ။
လျှောက်ထား၍ ပြီးသည်နှင့် မြို့တော်ဝန်သည် တံတွေးများကို ကြိတ်၍ကြိတ်၍ မြိုချရသကဲ့သို့ နဖူးမှ စိမ့်ထွက်လာသော ချွေးများကိုလည်း မသိမသာ သုတ်ရသေး၏။
မြို့တော်ဝန်မင်း ပြီးသည်နှင့် သံတော်ဆင့်ကြီးက အိပ်ဖန်တော်အလှည့်ကျ မှူးမတ်အမှုထမ်း အစေခံစာရင်းကို ဖတ်ကြားလျှောက်ထားလေသည်။
နန္ဒဘုရင်သည် သံတော်ဆင့်ကြီး ဖတ်ကြားသည့် စာရင်းကို မျက်လုံးကလေး အသာမှေး၍ နားထောင်နေလေသည်။
အာရုံထဲတွင်ကား သံတော်ဆင့်ကြီး၏အသံကို မကြားမိ။
ထိုသူတို့အလှည့်ပြီးသည်နှင့် နန္ဒဘုရင်သည် ကြိုတင်စိတ်ကူးထားပြီးဖြစ်သော အမိန့်တော်တစ်ခုကို ထုတ်ပြန်နိုင်ရန် စကားဦး ပျိုးတော့သည်။
“တိုင်းစွန်ပြည်ဖျား မြို့ရွာများရဲ့အခြေအနေ ဘယ်လို ရှိသလဲ .. အိမ်ရှေ့မင်း”
“ခမည်းတော်ဘုရားရဲ့ဘုန်းလက်ရုံး အာနုဘော် တန်ခိုးတော်ကြောင့် အေးချမ်းသာယာစည်ပင်လျက် ရှိပါတယ် ဘုရား”
ချက်ချင်း လျှောက်တင်လိုက်သော သားဖြစ်သူ အိမ်ရှေ့မင်း၏စကားကြောင့် နန္ဒဘုရင်၏မျက်နှာမှာ အလိုမကျ ဖြစ်သွားလျက် အနီးရှိ ရေတကောင်းကို လှမ်းနေသော လက်ကိုပင် ပြန်ရုတ်လိုက်မိသည်။
“အမောင့်ရဲ့ညီတော် ပြည်စားရဲ့အခြေအနေ .. အမောင် မကြားသေးဘူးလား”
နန္ဒဘုရင်က ခပ်ဆတ်ဆတ်ပြောလိုက်၍ မင်းရဲကျော်စွာလည်း မျက်လုံး ကလယ်ကလယ် ဖြစ်ပြီး ပါးစပ်လည်း အုအုအအ ဖြစ်သွားတော့သည်။
ဤရက်ပိုင်းအတွင်း မင်းရဲကျော်စွာသည် တိုင်းပြည်ရေးရာအခြေအနေများကို ခဏမေ့ထားမိသဖြင့် သာမန်ကာလျှံ ပြီးရော သဘောမျိုးနှင့် လျှောက်တင်လိုက်မိခြင်း ဖြစ်၏။
အမှန်မှာ ပြည်မင်း၏အခြေအနေကို မိမိ ဘာတစ်ခုမှ မသိသေး။
ပုခန်းကြီးကို ဘထွေးတော် ညောင်ရမ်းမင်း၏တပ်များ သိမ်းပိုက်နိုင်ကတည်းက ပြည်မင်း၏တပ်များ ခဏငြိမ်သက်နေသဖြင့် မင်းရဲကျော်စွာက ပေါ့ပေါ့လျော့လျော့းနေမိခြင်း ဖြစ်သည်။ သိပ်မကြာသေးခင်ကမှ အရွယ်ရောက် အစွယ်ပေါက်လာသော ညီဖြစ်သူ ပြည်မင်းကို အထင်သေးခြင်းကြောင့်လည်း ပါဝင်သည်။
“အမောင် ခုတလော တာဝန်ကိစ္စတွေ အရမ်းလစ်ဟင်းနေတယ်”
အိပ်ဖန်တော်ကျ မှူးမတ်တချို့မှာ တုတ်တုတ်မျှ မလှုပ်။
ဘုရင်မင်းမြတ်ကိုယ်တိုင်က သူ၏အချစ်ဆုံးသားတော်ကို အပြစ်တင်ပြီ မဟုတ်လော။
နန္ဒဘုရင်က ရေတကောင်းကို ကောက်ယူကာ အစေခံများ လာရောက် ငှဲ့ပေးသည်ကိုပင် မစောင့်တော့ဘဲ ဆတ်ကနဲ ရွှေဖလားခွက်ထဲသို့ လောင်းချလိုက်၏။
ရေလောင်းထည့်သည့်အသံများမှာ ညီလာခံတစ်ခုလုံကို လွှမ်းထားသလား ထင်ရအောင်ပင် မင်းရဲကျော်စွာ၏နောက်လိုက်မှူးမတ်များမှာ အသက်ပင် ရဲရဲ မရှူရဲကြ။
ထို့နောက် နန္ဒဘုရင်က ရေကို ဆတ်ကနဲ မော့သောက်လိုက်သည်။
“ယိုးဒယားစစ်မြေပြင်မှာ သားတော် မင်းကြီးစွာ နတ်ရွာလားကတည်းက သားတော်တွေထဲမှာ အမောင့်ကို အယုံကြည်ဆုံး အားအကိုးဆုံးမလို့ အင်းဝကနေ ခေါ်ပြီး အိမ်ရှေ့ဥပရာဇာအရာ အပ်နှင်းထားတယ် မဟုတ်လား ... ခုတော့ဖြင့် ယိုးဒယားနဲ့ နယ်စားပယ်စားတွေ ဝိုင်းဝန်းသောင်းကျန်း ပုန်စားနေတာကို ဖြေရှင်းလို့ မပြီးသေးဘူး ... ပြည်တပ်တွေရဲ့အန္တရာယ်က ကိုးလိုးကန့်လန့်ဖြစ်နေသေးတယ်... ဒီကြားထဲမှာ နိုင်ငံရဲ့အရေးကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အိမ်ရှေ့စံက ပေါ့ပေါ့လျော့လျော့ နေနိုင်ပါဘိ ... အမောင့်ရဲ့စွမ်းရည်တွေကိုလည်း တစ်ချက်သော်မှ မမြင်ရတဲ့အပြင် အမောင်အိမ်ရှေ့မင်းကို ပြည်သူတွေကတောင် ငြူစူနေပြီမဟုတ်လား”
မင်းရဲကျော်စွာသည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေါင်းငုံ့နားထောင်နေလေသည်။
“ထားချေတော့ .. အိမ်ရှေ့မင်း လစ်ဟင်းသွားတဲ့ ကျင့်ဝတ်တာဝန်တွေကို မိမိဘာသာ ပြန်ဆင်ခြင်သုံးသပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် အထူးမပြောလိုတော့ဘူး ... ကဲ.. ဝန်ရှင်တော်မင်း .. ပြည်တပ်တွေရဲ့အခြေအနေကို လျှောက်တင်စမ်း”
ထိုအခါမှ မှူးကြီးမတ်ရာတို့၏အကြီးဆုံးပုဂ္ဂိုလ် ဝန်ရှင်တော်မင်းမှာ အသက်ဝင်လာသကဲ့သို့ သက်မလေး မသိမသာ ချကာ လျှောက်တင်လေသည်။
“မှန်ပါ .. မကြာသေးခင် ရက်ပိုင်းအတွင်းမှာ ပြည်မင်းရဲ့စစ်သည်အချို့က ကျေးစွန်ရွာဖျားအချို့ကို ထိပါးနှောက်ယှက်လာပါတယ်၊ ပြည်သူတွေလည်း ကြောက်ရွံ့ထိတ်လန့်ပြီး မိမိတို့ရဲ့ရွာတွေကို စွန့်ပစ်ပြီး ထွက်ပြေးနေရပါတယ်.. ကျွန်တော်မျိုးတို့ ပြန်လည်တိုက်ခိုက်တဲ့အခါ ပြည်စစ်သည်တွေ ပြန်လည် ဆုတ်ခွာသွားကြပါတယ်၊ ဒါပေမယ့် ရက်ခြားရက်ခြား ဆိုသလို မထင်မှတ်ထားတဲ့ စစ်ကြောင်းအချို့ကနေ ဝင်ရောက်နှောက်ယှက်နေလို့ ကြာမြင့်လာလို့ ရှိရင် စိုးရိမ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်ဘုရား”
အိမ်ရှေ့မင်းသည် ဘာမှမပြော။ ဝန်ရှင်တော်မင်းကပင် ဆက်လက် လျှောက်ထား၏။
“ဒါ့အပြင် ယိုးဒယားမင်း ဗြနရာဇ်တပ်တွေကလည်း တနင်္သာရီနယ်ကို အခိုင်အလုံနေရာယူပြီး ဘဝရှင်မင်းတရားကြီးဘုရားရဲ့လက်အောက်ခံနယ်မြေများကို မျက်စောင်းကျလျက် ရှိတာမို့ နယ်စပ်က ဟံသာဝတီစစ်သည်တွေမှာ အခက်ကြုံနေရပါတယ်”
“ငနှောင်းငယ်သာ မပုန်စားခဲ့ရင် ယိုးဒယားကို ညက်ညက်ကြေအောင် ဖျက်ဆီးနေလောက်ပြီ .. ခုတော့ အရှေ့ယိုးဒယားကိုလည်း မချီရ .. နောက်က ပြည်ကိုလည်း လှည့်ကြည့်ရနဲ့.. ”
မင်းရဲကျော်စွာက မိမိအပြစ် ပေါ့လိုပေါ့ငြား ညီတော်ဖြစ်သူ ပြည်မင်း၏နာမည်ကို ထုတ်ဖော်ရင်း အပြစ်ဆိုလိုက်သည်။ နန္ဒဘုရင်က ဆက်မပြောစေလိုသော မျက်နှာဖြင့် တစ်ချက်ကြည့်လိုက်မှ မင်းရဲကျော်စွာလည်း ခေါင်းပြန်ငုံ့သွား၏။
“ဟံသာဝတီအနေနဲ့ ကြိုပြီး ကာကွယ်ထားသင့်တယ်မလား.. အမတ်ကြီး”
“မှန်ပါ.. အင်းဝမင်းပုန်ကန်မှုကစပြီးတော့ ယိုးဒယား၊ မိုးကောင်း၊ မှော်ဘီ၊ မော်လမြိုင်တို့ ဆက်တိုက်ပုန်ကန်လာပြီး မင်းတုန်း၊ တိုင်တား၊ မြေထဲ၊ သရက်၊ စကု၊ စလင်း စတဲ့ခံမြို့များက မင်းကြီးနှောင်းလက်အောက် ကျရောက်နေပါတယ် .. မကြာသေးခင်ကမှ ညောင်ရမ်းမင်းသားဦးဆောင်ပြီး ပြည်တပ်တွေလက်ထဲက ပုခန်းကြီးကို ပြန်လည် သိမ်းယူနိုင်ခဲ့တာပါ၊ ဒီလို မငြိမ်မသက်နဲ့ ရန်နှစ်ဖက်ကြားမှာ သတိထားနေရတဲ့ကာလဖြစ်လို့ တောင်ငူနယ်စပ် ကျေးစွန်ရွာဖျားကစပြီး မြောက်ဘက်တလွှားမှာ ရှိတဲ့ ဆင်မြင်းစစ်သည်လူအားလုံးကို ဟံသာဝတီဆီ စုစည်းသိမ်းသွင်းခေါ်ဆောင်ထားသင့်ပါတယ်”
“အိမ်း.. ကိုယ်တော်ရဲ့စိတ်ကူးလည်း ထပ်တူပဲ၊ မနက်ဖြန် ညီလာခံမှာ တောင်ငူကျေးစပ်က စပြီး မြောက်ဘက်က လူသူဆင်မြင်းတွေကို ဟံသာဝတီဆီ ခေါ်ယူစုစည်းထားဖို့ အမိန့်ထုတ်လိုက်”
“သင့်မြတ်လှကြောင်းပါ ဘုရား”
“နောက်ပြီး ကိုယ်တော် စိတ်ပူပန်လာတာက လက်အောက်ခံ ထီးဖြူဆောင်းမင်းတွေရဲ့သစ္စာတရားကိုပဲ၊ ဆွေမျိုးအရင်းအချာတွေ ဖြစ်နေလင့်ကစား အင်းဝစား သတိုးမင်းစော ပုန်ကန်မှု ပြီးကတည်းက ညီတော်တွေဖြစ်တဲ့ မြို့စား နယ်စားတွေကို အထူးသတိထားစောင့်ကြည့်လာခဲ့ရတာ ကြာပြီ၊ အထူးသဖြင့် ကေတုမတီဘုရင် မင်းရဲသီဟသူနဲ့ ဟံသာဝတီကနေ အလှမ်းကွာဝေးလွန်းတဲ့ ဇင်းမယ်ဘုရင်တို့ပဲ၊ သင်းတို့ဟာ ညီတော်တွေ ဆိုပေမယ့် မတော်တဆ သစ္စာဖောက်ဖျက်ခဲ့ရင် ချီတက်တိုက်ခိုက်နှိမ်နင်းဖို့က ခက်ခဲလိမ့်မယ်”
“မှန်ပါ .. သားတော်တို့အနေနဲ့ သတိုးမင်းစောရဲ့ပုန်ကန်မှုမျိုး ထပ်မဖြစ်အောင် အရင်လက်ဦးမှု ယူထားသင့်ပါတယ် ခမည်းတော်ဘုရား”
နန္ဒဘုရင်က အသာအယာ ခေါင်းညိတ်ပြီး ခေတ္တမျှ နှုတ်ဆိတ်သွားလေသည်။ နောက်မှ ဆက်လက်မိန့်ဆိုသည်။
“ညီတော်တွေရဲ့အားနည်းချက်ကို ကြိုတင် ချုပ်ကိုင်ထားရမှ ဟံသာဝတီရဲ့နောက်ရေးဟာ စိတ်အေးရတော့မယ့် အခြေအနေပဲ၊ ထီးဖြူဆောင်းမင်းတွေရဲ့စစ်အင်အားကလည်း မတန်တဆ များပြားလာတယ် မဟုတ်လား”
မှန်သည်။ အင်းဝ ပုန်ကန်မှုမှ စတင်ကာ စစ်ပွဲများ ပေါ်ပေါက်လာခဲ့တိုင်း လက်အောက်ခံဘုရင်များကို စစ်ကူခေါ်နေရသဖြင့် ၎င်းတို့၏လူသူဆင်မြင်းအင်အားမှာ ပုံမှန်ထက် များပြားလာခဲ့သည်။
ယိုးဒယားသို့ ငါးကြိမ်တိုင်တိုင် သွားရောက်တိုက်ခိုက်ခဲ့သဖြင့် ဟံသာဝတီ၏ရဲမက်အင်အားများမှာ တောင်ငူ၊ ဇင်းမယ်တို့တွင် ပြန့်ကြဲလျက်။
“ဒါကြောင့် ဘုရင်ခံတွေဟာ သစ္စာစောင့်သိမှုကို အာမခံတဲ့အနေနဲ့ သူတို့အရိုက်အရာ ဆက်ခံမယ့် သားတော်ကြီးတွေကို ဟံသာဝတီနန်းတော်ဆီ ခဏ ပို့ဆောင်ထားရလိမ့်မယ်”
“ဒါကတော့..”
ဝန်ရှင်တော်မင်းမှာ ရုတ်တရက် “ဒါကတော့.. '” ဟု လွှတ်ကနဲ ပြောပြီးမှ ခေါင်းပြန်ငုံ့လိုက်၏။
“ဘာဖြစ်လို့လဲ.. အမတ်ကြီး”
“မှန်ပါ .. ဘဝရှင်မင်းတရား မိန့်ကြားသလို ဘုရင်ခံတွေရဲ့သားတော်အားလုံး ဟံသာဝတီနေပြည်တော်ဆီ ခေါ်ထားမယ်ဆိုရင် ဆွေတော်မျိုးတော်အားလုံး မကျေမနပ် ဖြစ်လာနိုင်ပါတယ်၊ ရှမ်းစော်ဘွားတွေရဲ့သားတွေကို စော်ခံအဖြစ် ခေါ်ထားဖို့ လွယ်ကူပေမယ့် အရှင့်ညီတော်တွေကတော့ သူတို့သားတွေအတွက် ကျေနပ်မှာ မဟုတ်ပါဘူး၊ ဒါကို အကြောင်းပြပြီး သစ္စာပျက်ယွင်းဖို့ အကြောင်းပြချက်ပေးသလို ဖြစ်...”
“အို.. အမတ်ကြီးနှယ် .. ဒီလိုတွေဖြစ်လာနိုင်လို့လည်း သူတို့သားတွေကို ဦးအောင် ဓားစာခံအဖြစ် ထိန်းသိမ်းထားမှာလေ”
ဝန်ရှင်တော်မင်း စကားမဆုံးခင် မင်းရဲကျော်စွာက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
နန္ဒဘုရင်က မင်းရဲကျော်စွာကို လက်ကာပြလိုက်ရင်း ဝန်ရှင်တော်မင်းကို ကြည့်ကာ မိန့်ကြားသည်။
“ကိုယ်တော်က ဒါကို မစဥ်းစားမိဘဲ နေမလား အမတ်ကြီး ... ဇင်းမယ်မင်း တောင်ငူမင်းတွေဟာ ကိုယ်တော် အိမ်ရှေ့စံစဥ်ကတည်းက အတူကြီးပြင်းလာခဲ့တဲ့သူတွေပါ ... စစ်လည်း အတူတွဲပြီး တိုက်ဖူးသလို သူတို့ရဲ့အကျင့်စရိုက်အလေ့အထတွေကိုလည်း သိထားပါတယ်၊ လက်ရှိမှာ သူတို့အားလုံး ဟံသာဝတီကို သစ္စာမပျက်ရဲသေးဘူး အမတ်ကြီး၊ ဘုရင်ခံထဲက တစ်ဦးဦး ပုန်ကန်သည့်တိုင်အောင် တစ်ဦးက တစ်ဦးကို အကူအညီပေးမှာ မဟုတ်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သတိုးမင်းစောရဲ့အဖြစ်အပျက်က သူတို့ကို သင်ခန်းစာပေးထားလို့ပဲ၊ ဒါကြောင့် အချိန်မီ သစ္စာခံ သက်သေအနေနဲ့ သူတို့ရဲ့သားတော်တွေကို တောင်းယူရတာ ဖြစ်တယ်”
ဝန်ရှင်တော်မင်းထံမှ ထပ်၍ စကားသံ မထွက်လာတော့ချေ။
ထပ်၍လျှောက်တင်ချင်သော်လည်း လျှောက်တင်မရဲသောကြောင့် ဖြစ်၏။ ဘုရင်မင်းမြတ်၏စီမံချက်မှာ သင့်တော်သယောင် ထင်ရသော်လည်း လက်ရှိနိုင်ငံအခြေအနေနှင့် ဤသို့လုပ်ရန် အချိန်ကောင်းမဟုတ်ပေ။
သို့သော် မိမိကား အဘယ်သို့ တတ်နိုင်မည်နည်း။
အိမ်ရှေ့စံ မင်းရဲကျော်စွာ၏စကားသံက ဆက်တိုက်ထွက်ပေါ်လာပြန်သည်။
“ဘုရင်ခံတွေရဲ့သားတော်တွေကို ခေါ်ရုံနဲ့ မပြီးဘူးလို့ ထင်ပါတယ် ခမည်းတော်”
“ဘာဖြစ်လို့လဲ”
“မှန်ပါ.. ဘုရင်ခံတွေ လက်ရှိ မောက်မာနေကြတာက သူတို့လက်ထဲမှာ စစ်သည်ဆင်မြင်း များပြားလာလို့ပါ .. အဓိကအားဖြင့် ဆင်တပ်အင်အားပါ .. သူတို့ရဲ့ဆင်တပ်အင်အားကို ခမည်းတော်အနေနဲ့ အားနည်းသွားအောင် လုပ်ရပါလိမ့်မယ်”
“မဖြစ်နိုင်ဘူး.. သူတို့က လက်ခံမယ်လို့ ထင်သလား...”
“သားတော် ဆိုလိုချင်တာက ဆင်တပ်အင်အားကို လျှော့ခိုင်းတာ မဟုတ်ပါဘူး ဘုရား ... ဘုရင်ခံတွေ စီးတဲ့ဆင်တွေကို ပြန်သိမ်းယူဖို့ပါ၊ ဘိုးတော်ဆင်ဖြူများရှင်လက်ထက်ကတည်းက တိုက်ဆင်ကောင်းတွေကို ဘုရင်ခံတွေအတွက် ချီးမြှင့်ထားခဲ့တာ ကြာပါပြီ .. ဘာပဲဖြစ်ဖြစ် ခမည်းတော်ပဲ ပိုင်ဆိုင်သင့်တာပဲမလား .. ဒါကြောင့် မင်းသားတွေကို နေပြည်တော် ခေါ်လာတဲ့အခါ စီးတော်ဆင်တွေကိုပါ တစ်ပါတည်း သိမ်းယူရပါမယ်၊ ဒါဆို ပုန်ကန်ဖို့ ကိန်းဝပ်နေတဲ့သူတို့ရဲ့စိတ်ဓာတ်တွေကို ချိုးနှိမ်ပြီးသား ဖြစ်သွားပါလိမ့်မယ် ဘုရား”
“အင်း.. အိမ်ရှေ့မင်း အကြံအစည် မဆိုးဘူးပဲ”
မင်းရဲကျော်စွာ၏စကားများကို နားထောင်နေသူ ဝန်ရှင်တော်မင်းကား သက်ပြင်းကိုသာ ခိုး၍ချလျက် ရှိပေသည်။
⚜⚜⚜⚜⚜⚜
ကေတုမတီ တောင်ငူမြို့
“ဘာဖြစ်တာလဲ.. ကိုယ့်လူ”
ရေးကြီးသုတ်ပြာ လျှောက်လာသော နန်းတွင်းအမှုထမ်းတစ်ဦးကို ရှင်သံခိုက အင်္ကျီစကို လှမ်းဆွဲရင်း မေးလိုက်သည်။
“ဟံသာဝတီက သံတမန်တွေ ရောက်နေတယ်ဗျ”
“ဟင်.. စစ် ထပ်ဖြစ်ပြန်ပြီတဲ့လား.. ဘယ်မြို့စား ပုန်ကန်ပြန်ပြီလဲ”
“မဟုတ်ဘူးဗျို့.. စစ်သည်အင်အားဆင့်ခေါ်တာ မဟုတ်ဘူး... ဒါပေမယ့် အရေးကိစ္စကတော့ အကြီးကြီးပဲ၊ ကျုပ်တို့ မင်းတရားကြီးလည်း အမျက်တော် အရမ်းထွက်နေသဗျို့၊ လက်ဖက်ရည်တော်ဆက်မယ့်သူတွေတောင် အခစား မဝင်ရဲလို့ တငိုငို တရယ်ရယ် ဖြစ်နေပြီ .. အမှုတော်လပ်ရင် အရေးယူခံရမှာမလား ... သွားဦးမယ်ဗျ”
ထိုအမှုထမ်း ထွက်သွားပြီးနောက် နောက်ထပ်အမှုထမ်းနှစ်ဦး အပြေးတပိုင်းဖြင့် လိုက်သွားပြန်၏။
လွှတ်တော်စာရေးတစ်ဦး ဖြတ်သွားမှ ရှင်သံခိုက လက်တားပြီး စပ်စုရပြန်၏။
“ညီလာခံမှာ ဘာဖြစ်ကြတာလဲဗျ”
“မသိဘူးဗျ .. မင်းတရားကြီးတို့အားလုံး အမျက်ထွက်နေတာပဲ သိတယ် .. ဟံသာဝတီသားတွေ ဘာဂြိုဟ်မွှေပြန်ပြီလဲ မသိဘူး”
ထိုစာရေးက ညည်းညည်းညူညူဖြင့် ထွက်သွားမည် ပြုစဥ် အချိန်မှီ ဆွဲထားရ၏။
“နေပါဦးဗျ .. နတ်သျှင်ကိုယ်တော်ကြီးလည်း ညီလာခံမှာပဲလား”
“အင်းလေ.. ကိုယ်တော်ကြီးက အမျက်တော် အထွက်ဆုံးပဲဗျို့ .. နန်းတွင်းမှာ ခစားလာတဲ့တလျှောက် ကိုယ်တော်ကြီးလို နူးညံ့တဲ့ စာသမား ပေသမားက ဒေါသတွေ ဆူဆူဝေနေတာ အံ့ဩလို့မဆုံးပါပဲ၊ ဟံသာဝတီသံတမန်ကို အနားက ထွေးခံနဲ့ ကောက်ပြီး ပေါက်မလား ထင်ရတယ်၊ အနားမှာ ခစားနေတဲ့ ကျုပ်ဖြင့် ကွမ်းအစ် ဆက်ရတာ လက်တောင် တုန်သဗျို့၊ ကဲ .. သွားဦးမယ်၊ ဟံသာဝတီက သံတမန်တွေအတွက် နေရာထိုင်ခင်းတွေ စီစဥ်ပေးရဦးမယ်၊ မနက်ဖြန် သံတမန်တွေ ပြန်ကြမှာတဲ့ .. ဒီနေ့တော့ ကျုပ်တို့ တစ်ညလုံး အမှုထမ်းရမှာ..”
ထိုတစ်ယောက်လည်း စကားအမြန်ပြောပြီး ခပ်သုတ်သုတ် ထွက်သွားပြန်၏။
ရှင်သံခိုလည်း ဟံသာဝတီဘုရင်ထံမှ သံတမန်များ လာရောက်သည့်အကြောင်းအရင်းကို သိချင်သည့်စိတ်များ ပိုမိုကြီးထွားလာသည်နှင့်အမျှ အရှေ့နန်းဆောင်ဘက်သို့ သုတ်ခြေတင်တော့သည်။
လမ်းတွင် တစ်စုံတစ်ယောက်က 'ဟိတ်ကနဲ' အော်၍ ပခုံးကို ဖမ်းဆွဲလိုက်သဖြင့် ရှင်သံခိုလည်း ဒေါပွသွား၏။
နောက်လှည့်ကြည့်မှ မျက်နှာကို ကမန်းကတန်း ပြန်ပြင်ကာ ဦးညွှတ်လိုက်သည်။
တောင်ငူဘုရင်၏ တတိယသားတော် ရဲစောသီဟ ဖြစ်သည်။ ရှင်သံခိုနှင့်လည်း ငယ်ငယ်က ကစားဖော်ဖြစ်၍ ကြီးလာသည့်တိုင်အောင် သူငယ်ချင်းမိတ်ဆွေပမာ ရင်းနှီးကြ၏။
“ဘယ်နှယ့်လဲ.. စာဆိုတော်ကြီး.. ကျုပ် ကျေးဇူး ဘယ်တော့ဆပ်မှာလဲ”
“ဘာကို ပြောတာလဲ ကိုယ်တော်လေးရဲ့”
ရှင်သံခိုက စောစောကအကြောင်းများထံ စိတ်ရောက်နေသည် ဖြစ်၍ ဗလုံးဗထွေး ပြန်မေးလိုက်လေ၏။
“အောင်မယ်.. ဒီငမိုက်သားတော့ မေ့ချင်ယောင်ဆောင်နေပြန်ပြီ .. ဟိုနေ့ ဂူလီပွဲမှာ မောင်မင်းကိစ္စကို မပြောဘဲ ထိန်ချန်ပေးလိုက်တာကို ပြောနေတာ၊ ကဲ.. ကျေးဇူးတော် ပြန်ဆပ်တဲ့အနေနဲ့ ကျုပ် ​နန်းမြို့ပြင်ထွက်ပြီး စျေးထဲ လိုက်လည်မလို့ ... စာဆိုတော်ကြီးက စီစဥ်ထားပေရော့”
“ဟင်... နေပါဦး ကိုယ်တော်ဘုရားရဲ့... ဂူလီပွဲတုန်းက ကျွန်တော်မျိုး ဘယ်အပြစ်များ ကျူးလွန်မိလို့လဲ”
“အမယ် .. သိသိကြီးနဲ့ မအူမလည် လုပ်ပြန်ပြီ ... မောင်မင်းပဲ နောင်တော်ဘုရား နန်းဆောင်မှာ ရတုကဗျာတွေ အသည်းအသန်စပ်နေတဲ့အကြောင်း နှုတ်ဖွာခဲ့တာမလား ... ဒီကြားထဲ ကိုယ်နဲ့ ဘာမှမဆိုင်သလို နန်းတွင်းသူတွေ နှုတ်ဖွာသလေး ဘာလေးနဲ့ ဟန်ဆောင်နေလိုက်တာ စျေးထဲက ပြဇာတ်လူပြက်တွေ ရှုံးတယ်”
“ဪ ... ဒါလား ကိုယ်တော်ဘုရားရဲ့၊ နတ်သျှင်ကိုယ်တော်ဘုရားကြီး သိသွားလည်း ကျွန်တော်မျိုးကို အပြစ်ဆိုမှာ မဟုတ်ပါဘူး၊ အလွန်ဆုံး ရာဇဒဏ်ပေးရင် ခေါင်းခေါက်ရုံ၊ နားရွက်ဆွဲလိမ်ရုံပါပဲ”
ရဲစောသီဟက လက်ကာပြလိုက်၏။
“ဒါတွေ မသိဘူးဗျ၊ ကျုပ် ပြောတဲ့အတိုင်း ပြင်ထားပေရော့၊ တောင်စွယ်မှာ နေမင်းကြီး ကွယ်တာနဲ့ နန်းမြို့ရိုးအပြင်ကို ထွက်မယ်၊ မောင်မင်းက မြင်းတွေ ဘာတွေ စီစဥ်ထားတော့”
“ထွက်လို့ မဖြစ်နိုင်တော့ဘူး ထင်တယ် ကိုယ်တော်ဘုရားရဲ့”
“ဘာကြောင့်တုံး”
“နေပြည်တော်က သံတမန်တွေ ရောက်နေတာ ကိုယ်တော်လေး မသိဘူးလား၊ နန်းမြို့တော် အတွင်းရော အပြင်ရော ရဲမက်တွေ အရင်ကထက် ပိုအစောင့်ချထားလိမ့်မယ်... ညစျေးကို ထွက်လည်ဖို့ မဆိုထားနဲ့.. မင်းသားတို့အားလုံး အိမ်တော်ကနေတောင် ထွက်ဖို့ မလွယ်တော့ဘူး”
“ဒါဖြင့် ခက်ပြီပဲ”
“ခက်တာ အသာထားပါဦး ကိုယ်တော်ရဲ့၊ ညီလာခံမှာ ဟံသာဝတီက သံတမန်တွေကို ကြိုဆိုရင်း မင်းတရားကြီးရော နတ်သျှင်ကိုယ်တော်ကြီးရော အမျက်တော် ထွက်နေကြတယ်လို့ ကြားရတယ်၊ ကိုယ်တော်ဘုရား ဘာမှ မသိဘူးလား”
ရှင်သံခို၏အမေးစကားကြောင့် ရဲစောသီဟ၏မျက်နှာမှာ ခပ်တည်တည် ပြန်၍ဖြစ်သွားပြီးလျှင် ခေတ္တမျှ စဥ်းစားနေလေ၏။ ထို့နောက် ဘာမှမပြောတော့ဘဲ ရှင်သံခိုကို ကျောပေး၍ လှည့်ထွက်သွားသည်။
ရှင်သံခိုက အပြေးကလေး လိုက်ရသည်။
“ဘယ်ကို ကြွမလို့လဲ ကိုယ်တော်လေး”
“နောင်တော်ဆီကို ..”
“ညီလာခံနန်းဆောင်က ဟိုဘက်မှာလေ”
“မဟုတ်ဘူး ... ညီလာခံ စဲပြီဆိုရင် မယ်တော်ဘုရားထံ နောင်တော် ရောက်နေလိမ့်မယ်”
“ကျွန်တော်မျိုး လိုက်ပါရစေ”
ရုတ်တရက် ရဲစောသီဟက ခြေလှမ်းတုံ့ကနဲ ရပ်ပြီး ရှင်သံခိုကို စိမ်းစိမ်းကြီး ကြည့်၏။
“ဘာလိုက်လုပ်မလို့လဲ”
“နတ်သျှင်ကိုယ်တော်ကြီးရဲ့အရေးဆိုတော့ ကျွန်တော်မျိုးလည်း အရိပ်အခြည် သိထားမှ ခစားရလွယ်ကူမှာပါ”
“ဒါက တိုင်းပြည်ရေးပဲ၊ သာမန်ကိုယ်ရေးကိုယ်တာ ရည်းစားသနာကိစ္စ မဟုတ်ဘူးနော်”
“မှန်ပါ၊ ကျွန်တော်မျိုးလည်း ကေတုမတီသစ္စာခံ စစ်သူရဲတစ်ယောက်ပါ၊ တေမိယမင်းသားလို ရေငုံနှုတ်ပိတ်နေပြီး လိုက်ပါပါ့မယ်”
“အင်းပါ .. လိုက်ခဲ့”
အမှန်စင်စစ် ရဲစောသီဟက ရှင်သံခိုကို မယုံကြည်သည် မဟုတ်။ နိုင်ငံရေး၊ စစ်ရေးနှင့် ပတ်သက်လာလျှင် အလွန်လျှို့ဝှက်စေ့စပ်နှုတ်လုံအောင် လေ့ကျင့်ပေးထားခြင်း ခံထားရသော မိမိ၏အကျင့်အတိုင်း ရှင်သံခိုကို သတိပေးလိုက်ခြင်းသာ ဖြစ်သည်။
ရဲစောသီဟသည် အခြားအရေးကိစ္စများတွင် ပျော်ပျော်ပါးပါးနှင့် ပေါ့ပေါ့တန်တန်နေတတ်သော်လည်း တိုင်းပြည်ရေးနှင့် ပတ်သက်လာလျှင် အလွန်တိကျပြီး တာဝန်မလပ်အောင် ဆောင်ရွက်တတ်သူ ဖြစ်၏။ တောင်ငူတပ်မှူးများကြားတွင် ရက်စက်ပြတ်သားသော မင်းသားအဖြစ် နာမည်ကြီးသူလည်း ဖြစ်သည်။
ဤသို့ဖြင့် နှစ်ဦးသားသည် တောင်ငူမင်း၏မိဖုရားခေါင်ကြီး မင်းခင်စော စံမြန်းသော တောင်နန်းမဆောင်သို့ သုတ်ခြေတင်ခဲ့ကြ၏။ မိဖုရားကြီး၏နန်းဆောင်မှာ အလွန်လှပခမ်းနားပြီး အခြားနန်းဆောင်များထက် သစ်ပင်ပန်းမန်များကို သေချာကျနစွာ စိုက်ပျိုးထားလေ၏။ ထို့ကြောင့် ကျေးငှက်သာရကာများ အမြဲပျော်မြူး၍ နန်းဆောင်၏ဧရိယာထဲရောက်သည်နှင့် စိတ်ထဲတွင် အလွန်ကြည်နူးဖွယ်ရာ ကောင်းလှသည်။
ထို့ကြောင့် မင်းသား နတ်သျှင်နောင်သည် အားလပ်သည်နှင့် မယ်တော်ကြီး၏နန်းဆောင်သို့ မကြာခဏ လာရောက်ကာ စိတ်အပန်းဖြေရင်း ရတုကဗျာများ သီကုံးလေ့ရှိပေသည်။
ရဲစောသီဟတို့နှစ်ဦးသားသည် မယ်တော်ကြီး၏နန်းဆောင် မုခ်ဝတွင် ဓားကိုင်ရဲမက်နှစ်ဦး၏တားဆီးခြင်း ခံလိုက်ရသည်။
“ဒါဟာ.. မင်းတရားကြီးရဲ့သားတော် ရဲစောသီဟ ကိုယ်တော်ဘုရားပဲ”
ရှင်သံခိုက ဝင်၍ပြောလိုက်၏။
ကေတုမတီနန်းတော်တွင် ရဲမက်အင်အား အများအပြားရှိ၍ နန်းဆောင်များကို အလှည့်ကျ စောင့်ကြပ်ရသည်တွင် ယနေ့၌ ဟံသာဝတီသံတမန်များ လာရောက်သည့်ကာလဖြစ်သောကြောင့် စောင့်နေကျ ရဲမက်များမှာ အခြားရောက်နေကြ၏။ ထို့ကြောင့် ရဲစောသီဟ၏မျက်နှာကို ထိုရဲမက်များက မမှတ်မိခြင်း ဖြစ်ပေသည်။
“ခွင့်လွှတ်တော်မူပါ အရှင်”
ရဲမက်များက ပျာပျာသလဲတောင်းပန်ရင်း ဝင်ခွင့်ပေးလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် ရဲစောသီဟကို မှတ်မိသော ရဲမက်များက ဝိုင်းဝန်း အရိုအသေပေးကြသည်။
တောင်နန်းမဆောင်ကြီးသို့ ရောက်ရှိရန် အတော်ပင် သွားရသေးသည်။ လမ်းတွင် မယ်တော်ကြီး မင်းခင်စော သဘောကျနှစ်ခြိုက်သော ပန်းပင်အများအပြား စိုက်ပျိုးထားသဖြင့် ပန်းရနံ့များမှာ သင်းသင်းအီအောင် မွေးကြိုင်လှပေသည်။
ရဲစောသီဟကား ပန်းရနံ့များကိုပင် ရှူရှိုက်ရန် မအား။ မယ်တော်ကြီးဆီ ရောက်ရန် ခပ်သွက်သွက် လျှောက်နေစဥ်မှာပင် ပန်းပင်တစ်ပင်၏နောက်ကွယ်မှာ မိန်းမပျိုကလေးတစ်ဦး ရုတ်တရက်ထွက်လာကာ ရဲစောသီဟရှေ့ ရပ်လိုက်လေတော့၏။
ရဲစောသီဟလည်း ခြေလှမ်း တုံ့ခနဲ ရပ်သွား၏။
မိန်းမပျိုကလေး၏ ပြုံးရွှင်သော မျက်နှာမှာ ရဲစောသီဟကို အသေအချာကြည့်နေရင်းမှ ပြန်၍ပြောင်းလဲသွားလေသည်။
“ဟင်.. ကိုယ်တော်ကြီးလည်း မဟုတ်ပါလား”
ရှင်သံခိုက ထိုမိန်းကလေးကို ဝင်၍ ဟန့်လိုက်၏။
“ဟဲ့.. ရှင်ထွေး... ညည်း ဘာလုပ်တာတုံး”
ရဲစောသီဟက ရှင်ထွေး ဆိုသော မိန်းမပျိုလေးကို အသေအချာ ငုံ့၍ ကြည့်လိုက်မိသည်။
အရပ်က ခပ်နိမ့်နိမ့်၊ ကိုယ်လုံးက ခပ်သေးသေး၊ မျက်နှာက ခပ်သွယ်သွယ်နှင့် ထိုမိန်းကလေးမှာ အသက်က ၁၆ နှစ်ခန့်မျှသာ ရှိသေးပြီး ရုပ်ရည်အားဖြင့် မြင်သူတကာ ထိုင်ငေးလောက်သည်ဟု မဆိုနိုင်သော်လည်း နှစ်ခါပြန်ကြည့်ချင်လောက်သည့် ရူပကာမျိုး ဖြစ်ပေသည်။
သို့သော် အသက်အရွယ် ပျိုမြစ်လွန်းသေးသောကြောင့် ဖြစ်မည်။ လှသည်ဟု ဆိုရမည်ထက် ကလေးသူငယ်ရုပ် မပျောက်သေးသောကြောင့် ချစ်စဖွယ်ကောင်းသည်ဟု ဆိုသည်က ပိုသင့်လျော်ပေမည်။
ရဲစောသီဟက ခေတ္တမျှ ငေးကြည့်ပြီးနောက် ...
“ဘယ်သူလဲ”
ဟု တုံးတိတိကြီး မေးလိုက်သည်။ ရှင်ထွေး ဆိုသော မိန်းကလေးက ဝိုင်းစက်သော မျက်လုံးများဖြင့် ပြန်လည်မော့ကြည့်နေ၏။ ကြားက ရှင်သံခိုကပင် ဝင်၍ ဖြေပေးရလေ၏။
“မယ်တော်ကြီးဆီမှာ ခစားတဲ့ သူငယ်မပါဘုရား၊ ဟဲ့.. ရှင်ထွေး ... ခေါင်းငုံ့လိုက်လေ၊ ဒါ မင်းသား ရဲစောသီဟပဲ”
ရှင်ထွေးက ကပျာကယာ ခေါင်းငုံ့ အရိုအသေ ပြုလိုက်၏။
“ဘယ်သူ့ကို စောင့်နေတာလဲ၊ နောင်တော်ဘုရားကိုလား”
“မှန် .. မှန်ပါ့”
ရှင်ထွေး၏အသံမှာ နဂိုထက် တိုးညင်းသွား၏။
“ဘာကြောင့် စောင့်နေတာတုံး”
“ဟို... ဟိုလေ..”
ရှင်ထွေးက ဘာပြောရမှန်း မသိအောင် နှုတ်စေးသွားပြီး ဘေးမှ ရှင်သံခိုကို အကူအညီတောင်းသည့် မျက်လုံးများဖြင့်ကြည့်နေ၏။
ရှင်ထွေးအနေဖြင့် လန့်လည်း လန့်စရာပင်။
အရပ်မြင့်မြင့်၊ ကိုယ်ကာယထွားထွားနှင့် မိမိ တစ်ခါမှ မဆုံဖူးသော မင်းသားတစ်ယောက်က နဖူးကြောကြီးရှုံ့၍ မိမိအား စိုက်ကြည့်နေသည်မှာ အတော်ပင် နေရခက်လေတော့၏။
ရှင်သံခိုလည်း ဝင်၍ပြောမည် ပြင်ပြီးမှ ရုတ်တရက် မည်သို့အဖြေပေးရမည် မသိဘဲ ရှင်ထွေးနှင့်အတူ ရောယောင်၍ “ဒါက.. ဟို... ဟိုလေ.. ” ဖြစ်နေတော့၏။
“ဟဲ့.. နှစ်ယောက်စလုံး ဟိုလေ သည်လေနဲ့ ဘာတွေဖြစ်နေကြတာတုံး”
“အဲ.. မှန်ပါ့ ကိုယ်တော်လေး၊ ဒီ နန်းတွင်းသူက နတ်သျှင်ကိုယ်တော်ကြီး ဒီကိုလာရင် သူ့ရဲ့ရတုကဗျာတွေ အမြဲဆက်နေကျပါ ဘုရား၊ ခုလည်း ကိုယ်တော်ကြီးကို စောင့်နေတာပါ”
“ဟုတ်လား.. သူငယ်မ”
ရှင်ထွေးက ခေါင်းကို ဆက်ကာ ဆက်ကာ ညိတ်ပြ၏။ ပါးစပ်မှာမူ အသံ မထွက်လာတော့။
ကေတုမတီနန်းတွင်းတွင် သည်လို ရွက်ပုန်းသီးစာဆိုလေးများကို မကြာခဏ တွေ့ရတတ်ပါသည်။
“ကဲ .. မယုံဘူး၊ ယုံအောင် အဲသည်ကဗျာ ပြကြည့်..”
ရှင်ထွေးမှာ မျက်လုံးကလေး လှန်၍ ရဲစောသီဟကို ပြန်ကြည့်၏။ နဖူးကြောကြီး မရှုံ့တော့သော်လည်း ရယ်သလား၊ ဒေါသထွက်သလား ခန့်မှန်း၍ မရသော မျက်နှာကြောင့် ရှင်ထွေးသည် မိမိ၏အင်္ကျီခါးကြားတွင် ကျနစွာ ဝှက်ထားသော ပေစာရွက်ကို ထုတ်ပြီး မပေးချင်၊ ပေးချင်ဖြင့် ရှေ့ထိုးပေးလိုက်လေသည်။
“လက်ရေးကတော့ လှသားပဲ”
ရဲစောသီဟက လက်ရေးကို ချီးမွမ်းရင်း ပေစာကို ပြန်ပေးလိုက်သည်။ မိမိကိုယ်တိုင်က ကဗျာစာပေဘက်၌ လုံးဝ ဝါသနာမရှိသည့်အလျောက် ရှင်ထွေး၏ကဗျာကို မည်မည်ရရ ဖတ်ရှုလိုက်ခြင်း မရှိ။ လက်ရေးလက်သား အတော်လှပသည်ကိုသာ သတိထားမိခြင်း ဖြစ်သည်။
ထို့နောက် ရဲစောသီဟသည် ခေါင်းကလေး ငုံ့ပြီး ပေစာကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ရှင်ထွေးကို တစ်ချက်မျှ ပြန်ကြည့်ပြီး ထွက်လာခဲ့၏။ ရှင်သံခိုလည်း ရဲစောသီဟနောက် ကပ်၍ လိုက်ပါသွား၏။
လေးငါးခြောက်လှမ်းခန့် လျှောက်မိသောအခါ ရဲစောသီဟက ရှင်သံခိုကို ရှင်ထွေးနှင့် ပတ်သက်၍ တစ်စုံတစ်ခုမေးရန် ခဏရပ်လိုက်၏။ သို့သော် ခပ်တွေတွေ ဖြစ်ပြီး မမေးတော့ဘဲ ဆက်လျှောက်လာခဲ့သည်။
နတ်သျှင်နောင်အတွက် သုံးညလောက် အိပ်ရေးအပျက်ခံပြီး ရေးဖွဲ့ထားသည့် ရတုကို ရဲစောသီဟက ဦးဦးဖျားဖျား ဖတ်သွားသည့်အတွက် မကျေမနပ်ဖြစ်ကာ စူပုပ်နေသော ရှင်ထွေး၏မျက်နှာကိုမူ နှစ်ယောက်စလုံး မတွေ့လိုက်ကြ။
များမကြာမီ မယ်တော်ကြီး၏နန်းဆောင်သို့ ရောက်ခဲ့ကြတော့၏။
ရဲစောသီဟမှာ မယ်တော်ကြီးနန်းဆောင်ဆီ လာရောက်လေ့ မရှိသဖြင့် မယ်တော်ကြီးထံ ခစားသော အပျိုတော်၊ ကိုယ်လုပ်တော်အချို့မှာ ရဲစောသီဟကို ကောင်းကောင်းပင် မသိကြပေ။
သို့သော် တိုက်ရည်ခိုက်ရည်နှင့် ဂူလီသဘင်ပွဲများတွင် နာမည်ကျော်ဖြစ်သော ရဲစောသီဟ နာမည်ကိုတော့ မကြာခဏ ကြားဖူးနေကြပြီ ဖြစ်၏။
ရဲစောသီဟက နန်းဆောင်ထဲ ခပ်သုတ်သုတ် ဝင်လာပြီးနောက် အသင့်တွေ့ရသော အထိန်းတော်ကြီးတစ်ဦးကို မေးလိုက်သည်။
“မယ်တော်ဘုရား ဘယ်မှာလဲ”
“မှန်ပါ၊ အရှင်မက ဥယျာဥ်တော်ထဲမှာ ရှိပါတယ်”
ရဲစောသီဟက ဖြည်းဖြည်းအေးအေးနှင့် နန်းတွင်းဟန်အပြည့် လျှောက်တင်နေသော အထိန်းတော်ကြီး၏စကားကို ဆုံးအောင်ပင် နားမထောင်ဘဲ ဥယျာဥ်တော်ထဲ ဝင်လာခဲ့သည်။
ရွှေနားကွပ်ထားသော ကတ်ကြေးတစ်လက်ဖြင့် ပန်းပင်တစ်ပင်၏အကိုင်းအခက်ကို အသာအယာ ညှပ်၍ ပြုပြင်နေသည့် မယ်တော်မိဖုရားကြီး မင်းခင်စောကို တွေ့ရလေ၏။ အနားတွင်လည်း ပန်းပင်ရေလောင်းရန်၊ မြေဩဇာချရန် ပစ္စည်းကိရိယာများကိုယ်စီနှင့် အပျိုတော်တစ်ချို့ တွေ့ရ၏။ မယ်တော်ကြီး မပြီးသေး၍ ငြိမ်ငြိမ်ကလေး စောင့်ဆိုင်းနေကြပုံ ရသည်။
မိဖုရားကြီး မင်းခင်စောက ရဲစောသီဟကို တစ်ချက်ကြည့်၍ ပြုံးလိုက်၏။ ထို့နောက် လုပ်လက်စအလုပ်ကို ဆက်လုပ်နေ၏။
“မယ်မယ်ဘုရား ကျန်းခန့်သာလို့ မာရဲ့လား”
“မာပါ့”
“သားတော် ကူညီရမလား မယ်မယ်ဘုရား”
“ရပါတယ်၊ ပန်းပျိုးတဲ့နေရာမှာ မယ်မယ်ထက် ကျွမ်းကျင်တဲ့လူ ဒီနန်းတော်မှာ ရှိဦးမလား”
“နောင်တော်ဘုရား ဒီကို လာသေးလား”
“မလာသေးပါဘူးကွယ်၊ လာတော့ လာမယ် ထင်ပါရဲ့၊ မင်းနောင်တော်က တိုင်းပြည်ရေးတွေကြောင့် သိပ်ပြီး အားလပ်တာ မဟုတ်ဘူးလေ... ”
“မယ်တော်ဘုရား .. ညီလာခံအကြောင်း သတင်းကြားပြီးပြီလား”
မိဖုရားကြီးက မ​ဖြေဘဲ ရဲစောသီဟနောက်တွင် ခပ်ယို့ယို့ ခစားနေသော ရှင်သံခိုကို ကြည့်ရင်း စကားဆို၏။
“ရှင်သံခိုပါလား ... မတွေ့တာတောင် ကြာပေါ့”
“မှန်ပါ့ဘုရား”
ရဲစောသီဟက စကားလမ်းကြောင်း မလွဲအောင် ထပ်မေး၏။
“တောင်ငူကို ရောက်လာတဲ့သံတမန်တွေကိစ္စ မယ်တော် ကြားပြီးပြီလား”
မိဖုရားကြီးက ကတ်ကြေးကို အသာချလိုက်၏။
“မယ်တော်က ဘယ်သိမှာလဲကွယ်၊ ဒီနန်းဆောင်ထဲကနေ ဘယ်ကိုမှ မသွားတာ၊ ညီလာခံက ကိစ္စတွေ ဘယ်ကြားမိမှာတုံး”
အမှန်မှာ မိဖုရားကြီးကား ကေတုမတီတောင်ငူနန်းတော်အတွင်း ဖြစ်ပျက်သမျှကိစ္စအားလုံးနီးပါးကို သိထားနှင့်ပြီးသား ဖြစ်၏။ မိဖုရားကြီးဆီကို လွန်စွာမှလျှို့ဝှက်သော သူလျှိုများ၊ သတင်းပေးများ၊ အထောက်တော်များက နည်းအမျိုးမျိုးဖြင့် သတင်းပို့လေ့ရှိရာ ဟံသာဝတီသံတမန်များ၏ကိစ္စကို မိဖုရားကြီးမင်းခင်စောက ရဲစောသီဟတို့ မသိခင်ကပင် အရင်ကြားသိခဲ့ပြီ ဖြစ်သည်။
“ရဲစောသီဟ ရောက်နေပါလား”
ဝင်လာသူက နတ်သျှင်နောင် ဖြစ်သည်။
ရှင်သံခို ကြိုသိထားသည့်အတိုင်း မင်းသားနတ်သျှင်နောင်မှာ မရွှင်ပျဘဲ အမျက်ပြေခါစမျက်နှာမျိုး ဖြစ်လေ၏။ ရဲစောသီဟကို တစ်ချက်ကြည့်ရင်း အနီးတွင် ဝင်ထိုင်လိုက်သည်။
“နောင်တော် မျက်နှာမကောင်းပါလား”
“နောင်တော်တို့တော့ အကြပ်ရိုက်ကုန်ပြီ ညီတော် ... ဟံသာဝတီဘုရင်က ကေတုမတီရဲ့ဦးကို ချိုးဖို့ပြင်နေပြီ ... မဟုတ်ဘူး... စပြီးတော့ ချိုးနေပြီ”
“ဘယ်လို နောင်တော် .. ညီတော်လည်း ဟံသာဝတီသံတမန်တွေကိစ္စကြားလို့ နောင်တော်ကို လာစောင့်နေတာ.. ဟံသာဝတီက ကေတုမတီကို ဘယ်လို ဦးချိုးလိုက်တာလဲ”
နတ်သျှင်နောင်က ရာဇမာန်ပါသော သက်ပြင်းတစ်ခု ချလိုက်ပြီး မိဖုရားကြီးဘက်လှည့်ကာ စကားဆက်၏။
“အထောက်တော်တွေက တဆင့် မယ်တော်ကြားပြီးရောပေါ့ ... မယ်တော်ရဲ့အစ်ကို ဟံသာဝတီရှင်ဘုရင်ဟာ ကေတုမတီရဲ့အင်အားကို ​ချိုးနှိမ်ချင်လို့ သားတော်နဲ့ စီး​တော်ဆင်ကို ဓားစာခံတောင်းနေပါတယ် ... ဘယ်လောက်မခံချင်စရာ ကောင်းတဲ့လုပ်ရပ်ပါလဲ.. မယ်တော်ဘုရားနဲ့ ညီတော်တို့ စဥ်းစားကြည့်ပေရော့ ... နှစ်ပေါင်းများစွာ ဟံသာဝတီအပေါ် ပြုခဲ့တဲ့ ကျေးဇူးကိုမှ မထောက် ... စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ပေးခဲ့တဲ့ သစ္စာကိုမှ နားမလည် ... ဘကြီးတော်တို့ လုပ်ရက်ပလေ”
နတ်သျှင်နောင်နှင့် ရဲစောသီဟတို့သာ ဤကိစ္စကို အကြိတ်အနယ်ပြောဆိုနေသော်လည်း မိဖုရားကြီးကမူ ထူးထူးခြားခြား စိတ်ဝင်စားဟန် မပြ။
“ဒါဖြင့် ခမည်းတော်ဘုရားက ဘယ်လိုဆုံးဖြတ်လိုက်သလဲ နောင်တော်”
“ဘယ်လိုဆုံးဖြတ်ရဦးမှာလဲ ညီတော်ရယ် ... ကေတုမတီကို အဆုံးထိ တွန်းပို့နေပြီပဲဟာကို .. နောင်တော်တို့ကတော့ ချောက်ထဲ အကျမခံဖို့ လမ်းတစ်လမ်းကို ကြိုတင်ရွေးချယ်ထားပြီးသားပဲ”
“လမ်းတစ်လမ်း .. ဟုတ်လား နောင်တော်”
ရဲစောသီဟက နတ်သျှင်နောင် ရည်ရွယ်ပြောဆိုသောကိစ္စကို လုံးဝနားမလည်သည် မဟုတ်။ အနည်းငယ်တော့ ရိပ်မိထားပြီး ဖြစ်သော်လည်း ဤကဲ့သို့ အဖြစ်အပျက်များက မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့သည်ကို ရုတ်တရက် နားမလည်အောင် ဖြစ်နေသည်။
“သားတော်တို့ အဲသည်လမ်းကို စပြီး လျှောက်တော့မှာပါ မယ်တော်၊ သားတော်တို့ မိသားစုရဲ့ဘုန်းတန်ခိုးကို ဇမ္ဗူတစ်ခွင်လုံး သိအောင် ဖြန့်ကျက်ဖို့ အချိန်တန်ပါပြီ”
တစ်လုံးချင်း အားမာန်ပါပါပြောလိုက်သော သားဖြစ်သူကို ကြည့်၍ မိဖုရားကြီးက ခေါင်းကို အသာလေးပင် ညိတ်၏။ ထို့နောက် တစ်စုံတစ်ခုကို စဥ်းစားမိဟန်ဖြင့် မေးသည်။
“ဟို... ညောင်ရမ်းက တစ်ယောက်ကရော”
မိဖုရားကြီး၏အမေးကို ရဲစောသီဟက နားမလည်အောင် ဖြစ်သွားသော်လည်း နတ်သျှင်နောင်က ချက်ချင်းပင် ဖြေသည်။
“မှုစရာ မလိုပါဘူး မယ်တော်ရယ် ... သားတော်တို့ဘက်မှာ ဇင်းမယ်မင်းတစ်ပါးလုံး ရှိနေနှင့်ပြီးသားပဲ ... ညောင်ရမ်းမင်းသားလည်း ဘယ်အရဲစွန့်နိုင်မှာလဲ၊ ဘယ်လောက်ပဲ သစ္စာစောင့်သိနိုင်ပါစေ ... သူ့သားတစ်ယောက်လုံးနဲ့တော့ လဲနိုင်ပါ့မလား၊ နောက်ပြီး သားတော်တို့နဲ့လည်း အငြိုးအဖွဲ့ဖြစ်မှာကို ညောင်ရမ်းလို မြို့လေးက လိုလားမှာ မဟုတ်ပါဘူး”
“ဒီလိုလည်း လျှော့မတွက်နဲ့ နတ်သျှင် ... ညောင်ရမ်းမင်းဟာ သစ္စာကြီးမားလွန်းတဲ့လူလို့ မယ်မယ် ကြားဖူးတယ် ... နောင်တစ်ချိန်မှာ ဆူးငြောင့်ခလုတ်ဖြစ်လာနိုင်တာကို မယ်တော် စိုးရိမ်မိတယ်”
မင်းခင်စော၏ သက်ပြင်းခိုးချသံကြားတွင် မင်းသား ရဲစောသီဟမှာလည်း မသိမသာ ငေးငိုင်နေလေသည်။ သူ၏စိတ်ထဲတွင် “ငါတို့ ပုန်ကန်ရတော့မှာပါလား” ဟူသော အတွေးများက ပျံ့နှံ့လျက်။
⚜⚜⚜⚜⚜⚜
✍ အဘယသိင်္ခ (မြိတ်)
(ဆက်လက်ဖော်ပြပါမည်။)
(အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေနေ့များတွင်သာ တစ်ပိုင်းစီ တင်ပေးပါမည်။)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)
အပိုင်း (၃၉)
အပိုင်း (၄၀)
အပိုင်း (၄၁)
အပိုင်း (၄၂)
အပိုင်း (၄၃)
အပိုင်း (၄၄)
အပိုင်း (၄၅)
အပိုင်း (၄၆)
အပိုင်း (၄၇) ဇာတ်သိမ်း

Comments

Popular posts from this blog

ตอนที่สอง ภาษาพม่า

ตอนที่๓๘

ตอนที่๔๗