ตอนที่สอง ภาษาพม่า
သွေးစွန်းပလ္လင် (A Kingdom Reborn) အပိုင်း ( ၂ ) ကေတုမတီ တောင်ငူမြို့။ “သားတော်တို့ ဟံသာဝတီလက်အောက်က အလျင်အမြန် ရုန်းထွက်ရပါမယ်” “သိပ်လည်း ဆန္ဒမစောပါနဲ့ သားတော် .. ဟံသာဝတီနန်းတော်မှာ မင်းရဲ့အရီးတော်နှစ်ပါးဟာ ဟံသာဝတီဘုရင်ရဲ့မိဖုရားတွေအဖြစ် ရှိသေးတယ် မဟုတ်လား .. ပြိုကျတော့မှာ သေချာတဲ့ မြို့ရိုးတစ်ခုကို ဖြိုဖို့ အင်အားသုံးတာချင်းအတူတူ အမြောက်နဲ့ ပစ်ခွင်းရမှာထက် စာရင် ယိုင်နဲ့နဲ့ဖြစ်တဲ့အချိန်ထိ စောင့်ပြီး ဆင်နဲ့ တစ်ချက်တည်းဝင်တိုက်လိုက်တာ ပိုမသင့်ပေဘူးလား .. နတ်သျှင်” တောင်ငူဘုရင်ခံ မင်းရဲသီဟသူက သားဖြစ်သူကို ခပ်ပြုံးပြုံးပင် ကြည့်ရင်း ညောင်စောင်းပေါ်ရှိ မှီအုံးတော်ကို မှီလိုက်သည်။ သျှောင်တစောင်းကို ဘေးတွဲထုံးထားသော နတ်သျှင်နောင်သည် သူ၏ပျိုမျစ်နုနယ်သောရုပ်ရည်နှင့် မလိုက်ဖက်အောင်ပင် မျက်နှာကို တင်း၍ထား၏။ “ရှင်ဘုရင့်သားတော်ရင်းကိုယ်တိုင်က ပုန်စားပုန်ကန် ပြုနေပြီ မဟုတ်လား ခမည်းတော် ... သားတော် စိုးရိမ်တာက ပြည်ဘုရင် မင်းကြီးနှောင်းသာ အင်အားကြီးထွားလာခဲ့ရင် ပြည်ကော ဟံသာဝတီပါ အလွယ်တကူ ချေမှုန်းလို့ရတော့မှာ မဟုတ်ပါဘူး ... နောက်ပြီး သရေခေတ္တရာ ပြည်မြို့က ဓညဝတီရခိုင်နဲ့လည်း ...

Comments
Post a Comment