ตอนที่สอง ภาษาพม่า
သွေးစွန်းပလ္လင် (A Kingdom Reborn)
ကေတုမတီ တောင်ငူမြို့။
“သားတော်တို့ ဟံသာဝတီလက်အောက်က အလျင်အမြန် ရုန်းထွက်ရပါမယ်”
“သိပ်လည်း ဆန္ဒမစောပါနဲ့ သားတော် .. ဟံသာဝတီနန်းတော်မှာ မင်းရဲ့အရီးတော်နှစ်ပါးဟာ ဟံသာဝတီဘုရင်ရဲ့မိဖုရားတွေအဖြစ် ရှိသေးတယ် မဟုတ်လား .. ပြိုကျတော့မှာ သေချာတဲ့ မြို့ရိုးတစ်ခုကို ဖြိုဖို့ အင်အားသုံးတာချင်းအတူတူ အမြောက်နဲ့ ပစ်ခွင်းရမှာထက် စာရင် ယိုင်နဲ့နဲ့ဖြစ်တဲ့အချိန်ထိ စောင့်ပြီး ဆင်နဲ့ တစ်ချက်တည်းဝင်တိုက်လိုက်တာ ပိုမသင့်ပေဘူးလား .. နတ်သျှင်”
တောင်ငူဘုရင်ခံ မင်းရဲသီဟသူက သားဖြစ်သူကို ခပ်ပြုံးပြုံးပင် ကြည့်ရင်း ညောင်စောင်းပေါ်ရှိ မှီအုံးတော်ကို မှီလိုက်သည်။
သျှောင်တစောင်းကို ဘေးတွဲထုံးထားသော နတ်သျှင်နောင်သည် သူ၏ပျိုမျစ်နုနယ်သောရုပ်ရည်နှင့် မလိုက်ဖက်အောင်ပင် မျက်နှာကို တင်း၍ထား၏။
“ရှင်ဘုရင့်သားတော်ရင်းကိုယ်တိုင်က ပုန်စားပုန်ကန် ပြုနေပြီ မဟုတ်လား ခမည်းတော် ... သားတော် စိုးရိမ်တာက ပြည်ဘုရင် မင်းကြီးနှောင်းသာ အင်အားကြီးထွားလာခဲ့ရင် ပြည်ကော ဟံသာဝတီပါ အလွယ်တကူ ချေမှုန်းလို့ရတော့မှာ မဟုတ်ပါဘူး ... နောက်ပြီး သရေခေတ္တရာ ပြည်မြို့က ဓညဝတီရခိုင်နဲ့လည်း နီးစပ်တယ် မဟုတ်လား ... ရခိုင်မင်းသာ ပြည်မင်းနဲ့ပေါင်းသွားခဲ့ရင်ဖြင့် ...”
“ခမည်းတော်က ဒီအတွက် ကြိုတင်စီစဥ်ထားပြီးသားပါ ... ရခိုင်မင်းအကြောင်းကိုလည်း ခမည်းတော် ကောင်းကောင်း သိတယ် ... ဘကြီးတော် ဟံသာဝတီဆင်ဖြူများရှင် နတ်ရွာစံခါနီးဆဲဆဲ ရခိုင်ကို ချီတက်သိမ်းပိုက်ဖို့အလုပ် ဘကြီးတော် နတ်ရွာလားလို့ တပ်တွေ ပြန်ခေါ်ခဲ့တယ် ... အဲဒီကတည်း ရခိုင်မင်းဟာ ဟံသာဝတီကို ကျီးလန့်စာစား ဖြစ်ပြီး ဟံသာဝတီရန်က ကာကွယ်ဖို့ အသေအလဲ ကြိုးစားနေတော့တာပဲ ... လက်ရှိမှာတော့ ဟံသာဝတီက ရခိုင်ကို တိုက်ဖို့အသာထား ... လက်အောက်ခံနယ်စား ပယ်စားတွေ တစ်ဦးပြီးတစ်ဦး ခွဲထွက်ကုန်လို့ အင်အားလျော့နည်းလာပြီပဲ ... ဒါကြောင့် ရခိုင်ဟာ ဟံသာဝတီ အင်အား ပြန်ပြီး မတောင့်တင်းခင် သူက အရင်စပြီး တိုက်ခိုက်လိမ့်မယ်”
“ဒါဆို ရခိုင်မင်းနဲ့ တောင်ငူသားတွေ စောစောစီးစီး မဟာမိတ်ဖွဲ့ထားရမှာပေါ့”
“မှန်တယ် သားတော်.. ဒါပေမယ့် အချိန်ကာလ မသင့်သေးလို့ ရခိုင်နဲ့ သံတမန်ဆက်ဆံရေးကို လျှို့လျှို့ဝှက်ဝှက်ပဲ လုပ်ထားရမယ် ... အခုချိန်မှာ ဟံသာဝတီရဲ့အရိပ်ကနေ ခွဲထွက်လို့ မဖြစ်သေးဘူး သားတော်”
“မှန်ပါ.. ခမည်းတော်”
နတ်သျှင်နောင်က ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
တောင်ငူမင်း၏ခမည်းတော် ကိုးသိန်းသခင် တောင်ငူရှင်မင်းခေါင်သည် နန္ဒဘုရင်၏ခမည်းတော် ဟံသာဝတီဆင်ဖြူများရှင်(ဘုရင့်နောင်)နှင့် ဖအေတူ မအေကွဲညီနောင်များ ဖြစ်ပြီး လက်ရှိ တောင်ငူမင်း၏မိဖုရားကြီးမှာ ဘုရင့်နောင်၏သမီးတော် မင်းခင်စော ဖြစ်သည်။ တောင်ငူမင်း၏နှမတော်သုံးပါးကိုလည်း နန္ဒဘုရင်က မိဖုရားမြောက်ထားသေးရာ နန္ဒဘုရင်နှင့် တောင်ငူမင်းသည် ဝမ်းကွဲညီနောင်များလည်းဖြစ်၊ နှမပေး ယောက်ဖတော်များအဖြစ်လည်း တော်စပ်လေသည်။
လွန်ခဲ့သော နှစ်ငါးဆယ်ခန့်က ကေတုမတီတောင်ငူသည် ကိုယ့်ထီးကိုယ့်ကြငှန်းဖြင့် အုပ်ချုပ်နိုင်ခဲ့သော တိုင်းပြည်ဖြစ်ခဲ့သည်။ တပင်ရွှေထီးလက်ထက်တွင် တောင်ငူက ဟံသာဝတီပဲခူးကို လက်အောက်ခံအဖြစ် သိမ်းသွင်းပြီးနောက် ဟံသာဝတီကိုပင် နေပြည်တော်အဖြစ် ပြောင်းရွှေ့ပြုလုပ်ခဲ့သောကြောင့် တောင်ငူမှာ လက်အောက်ခံနိုင်ငံငယ်အဆင့် ကျရောက်ခဲ့သည်။
တောင်ငူကို ဘုရင့်နောင်၏ခမည်းတော် မင်းရဲသိင်္ခသူ ခေါ် မင်းကြီးဆွေက ဘုရင်ခံအဖြစ် အုပ်ချုပ်ခွင့် ရရှိခဲ့၏။ ဘုရင့်နောင်နှင့် ညီတော်သုံးပါးက ဟံသာဝတီသို့ လိုက်ပါကာ တပင်ရွှေထီးထံတွင် အမှုထမ်းခဲ့ကြ၏။
အေဒီ ၁၅၄၈ တွင် မင်းကြီးဆွေ ကံကုန်သောအခါ တပင်ရွှေထီးက ဘုရင့်နောင်၏ညီလတ် 'ဇေယျနန္ဒ' ကို 'သီဟသူ' အမည်ဖြင့် တောင်ငူဘုရင်ခံအဖြစ် ခန့်အပ်လိုက်သည်။
ထိုကိစ္စကို နန်းတွင်းရှိ မှူးမတ်အများအပြား ကန့်ကွက်ကြသည်။
တောင်ငူသည် နယ်မြေအနေအထားရော စစ်အင်အားပါ အရေးပါဆုံးဒေသဖြစ်၍ အစ်ကိုဖြစ်သူ ဘုရင့်နောင်ကိုသာ ခန့်အပ်သင့်သည်ဟု ဝိုင်းဝန်းလျှောက်တင်ကြသည်။ တပင်ရွှေထီးက နို့စို့ဖက်သူငယ်ချင်းလည်းဖြစ် ယောက်ဖလည်းဖြစ်သော ဘုရင့်နောင်ကို အဝေးသို့ မပို့ချင်။ ဟံသာဝတီနန်းတွင်း မိမိအနားတွင်သာ ခေါ်ထားချင်သဖြင့် လက်မခံခဲ့ချေ။
တပင်ရွှေထီးတွင် သားရော သမီးပါ ရှိသော်ငြားလည်း အိမ်ရှေ့မင်းစည်းစိမ်အဆောင်အယောင်များကို ဘုရင့်နောင်အား ချီးမြှင့်ခဲ့သည်။ တကယ်တမ်း တပင်ရွှေထီး လုပ်ကြံခံရသောအခါ ဘုရင့်နောင်မှာ ဟံသာဝတီထီးနန်းကို တိုက်ရိုက်ဆက်ခံခွင့် မရခဲ့။
သစ္စာခံများမှာ မညီမညွှတ်ဖြစ်ကာ တိုင်းပြည်ပြိုကွဲသွားခဲ့၏။ ယခင် ဟံသာဝတီမွန်မင်းဆက်မှ သမိန်ထောရာမဆိုသူက ထီးနန်းကို သိမ်းပိုက်ထားလိုက်တော့သည်။
ပိုဆိုးသည်မှာ တောင်ငူဘုရင်ခံ သီဟသူသည် နောင်တော်ဖြစ်သူထံ လာရောက် အင်အားပေါင်းစည်းရမည့်အစား ကေတုမတီတောင်ငူသို့ သွားကာ 'မင်းခေါင်' ဘွဲ့ကို ခံယူကာ ဘုရင်လုပ်တော့သည်။ ဘုရင့်နောင်မှာ စစ်ကြောင်းများစွာဖြင့် ချီတက်ကာ တောင်ငူမှ ညီတော်ကို အရင်တိုက်ခိုက်ရလေသည်။
ပထမတွင် တောင်ငူရှင် မင်းခေါင်သည် ကြောက်လန့်တကြားခုခံတိုက်ခိုက်သေးသည်။ နောက်မှ အစ်ကိုဖြစ်သူ၏ဘုန်းလက်ရုံးကို သိ၍ အညံ့ခံကာ အသက်ချမ်းသာပေးရန် တောင်းပန်လေ၏။
ဘုရင့်နောင်သည် မအေကွဲညီတော် မင်းခေါင်ကို ခွင့်လွှတ်ပေးပြီး ဟံသာဝတီကို ပြန်လည်သိမ်းပိုက်နိုင်သောအခါ မူလ စားရသော တောင်ငူကိုပင် ပြန်လည်ပေးအပ်ခဲ့လေသည်။
ထိုအခါမှစ၍ တောင်ငူရှင်မင်းခေါင်သည် နတ်ရွာစံသည်အထိ လုံးဝ သစ္စာမဖောက်ရဲတော့ချေ။
ဘုရင့်နောင်က စန္ဒာဒေဝီမိဖုရားမှ ဖွားမြင်သော သမီးတော် မင်းခင်စောကို တောင်ငူရှင်မင်းခေါင်၏သားတော်ကြီး 'မင်းရဲသီဟသူ'နှင့် လက်ဆက်ပေးခဲ့သည်။ ဤသို့ဖြင့် မင်းရဲသီဟသူသည် မင်းသားဘဝတွင် ဘုရင့်နောင်၏သမက်တော် ဖြစ်သွားခဲ့သည်။
ဘုရင့်နောင် နတ်ရွာစံ၍ နန္ဒဘုရင် နန်းတက်လာသည့်အခါ လက်အောက်ခံနိုင်ငံများတွင် အရေးကြီးဆုံးဖြစ်သော တောင်ငူကို ပို၍ ထိန်းချုပ်နိုင်ရန်အတွက် ကြိုးစား၏။ နန်းတက်၍ ခြောက်လအကြာ ဧပြီလ ၁၅၈၂ တွင် နန္ဒဘုရင်သည် ဘထွေးတော် တောင်ငူမင်း၏သမီးသုံးပါးစလုံးကို ဟံသာဝတီသို့ခေါ်ယူ၍ မိဖုရားမြောက်ခဲ့၏။
ဤအချက်က မင်းရဲသီဟသူက စိတ်နာစရာ ဖြစ်လာစေခဲ့သည်။
မင်းရဲသီဟသူတွင် ကောလိယမြို့စား 'မင်းရဲကျော်ထင်' ဟူသော ညီတော်တစ်ပါးနှင့် 'မင်းဖြူ' 'မင်းအထွေး' 'မင်းပု' ဟူသော နှမတော်သုံးပါးသာ ရှိသည်။ နှမတော်အားလုံးကို ဟံသာဝတီပြည့်ရှင်က ခေါ်ယူသွားသောအခါ မိသားစုဖြိုကွဲခံရသကဲ့သို့ စိတ်တွင် ထင်မြင်မိလာခဲ့၏။ တောင်ငူတွင် ဟံသာဝတီ၏အာဏာစက် အကြီးအကျယ်သက်ရောက်နေသည်ကို မင်းရဲသီဟသူက မကျေနပ်ပေ။
၁၅၈၄ ဇွန်လတွင် တောင်ငူရှင်မင်းခေါင် နတ်ရွာစံသွားသဖြင့် နန္ဒဘုရင်က ရှေးအစဥ်အလာအတိုင်း မင်းရဲသီဟသူကို ဖခင်နေရာ ဆက်ခံခွင့်ပေးခဲ့သည်။
နန္ဒဘုရင်၏စစ်ပွဲတိုင်းတွင် တောင်ငူ မင်းရဲသီဟသူနှင့် ကောလိယ မင်းရဲကျော်ထင်တို့ ညီနောင်နှစ်ပါး ပါဝင်တိုက်ခိုက်ပေးခဲ့သည်။ မင်းရဲသီဟသူ၏သားတော်ကြီး နတ်သျှင်နောင်သည်လည်း စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရင်း နာမည်ကျော်ကြားလာခဲ့၏။
မင်းရဲသီဟသူတွင် မိဖုရား မင်းခင်စောနှင့်ရသော သားတော် လေးပါး ရှိသည်။ ယခုဆိုလျှင် သားတော် သုံးပါးမှာ တပ်ကို ဦးစီးနိုင်သည့်အရွယ် ရောက်နေပြီ ဖြစ်၏။
သားတော်ကြီး နတ်သျှင်နောင်က အားအကိုးရဆုံး ဖြစ်သည်။ စာပေအနုပညာတွင် ပြောင်မြောက်သကဲ့သို့ စစ်ရေးဘက်တွင်လည်း ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်၏။ နောက်ပြီး နတ်သျှင်နောင်က မိမိကဲ့သို့ပင် ဟံသာဝတီပြည့်ရှင်၏အမိန့်ဩဇာကို တွန်းလှန်လိုချင်သည့် စိတ်ဆန္ဒချင်း တူညီနေသေး၏။
မင်းရဲသီဟသူက တစ်နေ့တခြား ဩဇာအာဏာ ဆုတ်ယုတ်လာသော နန္ဒဘုရင်ကို အထူး စောင့်ကြည့်နေ၏။ နန္ဒဘုရင်သည် စစ်ရေးနှင့် အုပ်ချုပ်ရေးနှစ်ခုစလုံးတွင် ညံ့ဖျင်းသည်ဟု မဆိုနိုင်ကြောင်း မင်းရဲသီဟသူ ကောင်းကောင်းသိသည်။
ဘုရင့်နောင်လက်ထက်ကတည်းကပင် အိမ်ရှေ့မင်းအဖြစ် နိုင်ငံရေးရာများကို ကိုင်တွယ်လာခဲ့သူ ဖြစ်သည်။ နန်းတက်စတွင် နန္ဒဘုရင်ကို မလေးမစား လုပ်ဝံ့သူ မရှိခဲ့ချေ။
သို့သော် မထင်မှတ်ထားသော အဖြစ်အပျက်တချို့က နန္ဒဘုရင်အတွက် ဟာကွက်တစ်ခုလို ဖြစ်သွားခဲ့သည်။ ထိုဟာကွက်တစ်ခုကြောင့် ယခုလို လက်အောက်ခံများ၏ပုန်ကန်ထကြွမှုများ ဆက်တိုက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
“ဒီလိုဆိုရင် ဟံသာဝတီဆင်ဖြူများရှင်ရဲ့နိုင်ငံတော်ဟာ သားမြေးမြစ်တွေလက်ထက်ကျမှ ပြိုကွဲပျက်စီးတော့မှာ မကြာတော့ဘူး ဒကာတော် ..”
ထန်းဖူးစာရွက်ပေါ်တွင် ကညစ်တံဖြင့် အင်းကွက်များချ၍ စာများရေးသားနေသော ဗားမဲ့ဆရာတော် အရှင်နန္ဒသာရက မိန့်ကြားလိုက်ခြင်း ဖြစ်သည်။
ဆရာတော်သည် အသက်အားဖြင့် ၂၅ နှစ်ခန့်သာ ရှိသေးပြီး ညောင်ရမ်းမင်းသားထက် ဆယ့်ခြောက်နှစ်မျှ ငယ်သူဖြစ်လင့်ကစား လောကီဝိဇ္ဇာအင်းအိုင်လက်ဖွဲ့ အရာတွင် သူတကာထက် ထူးချွန်ထက်မြက်လွန်းသောကြောင့် မင်းသားက ကျောင်းဆောက်လှူဒါန်းပြီး 'နန္ဒသာရကဝိဓဇ' ဘွဲ့တံဆိပ်တော်ကို ကပ်လှူကာ ကိုးကွယ်နေခြင်း ဖြစ်သည်။
ဗားမဲ့ဆရာတော်သည် ညောင်ရမ်းမြို့သား မဟုတ်။
ရခိုင်နယ်စပ်ရှိ ဗားမဲ့တောင်ခြေရွာသားတစ်ဦး ဖြစ်ပြီး လူနာမည်မှာ မောင်နန္ဒ ဖြစ်၏။ သာသနာ့ဘောင်သို့ ဝင်ပြီးနောက် ဟံသာဝတီနေပြည်တော်တွင် ပရိယတ္တိစာပေများ ဆည်းပူးနေရင်း လေးထပ်ကျောင်းဟောင်းတစ်ခုမှ ကြေးနီပုရပိုက်တစ်ဆူကို ရရှိခဲ့သည် ဆို၏။
ထိုကြေးနီပုရပိုက်တွင် ရေးသားထားသော ရှေးဟောင်းဂမ္ဘီရပညာရပ်များကို လေ့လာလိုက်စားမိရာမှ အင်းအိုင် ဆေးဝါး ခလှည့် လက်ဖွဲ့အရာတွင် ထူးချွန်ပေါက်မြောက်ထင်ရှားလာခဲ့ခြင်း ဖြစ်သည်။
သို့သော် နန္ဒဘုရင်က ဗားမဲ့ဆရာတော်လေး၏ ပညာစွမ်းကို ကြားပြီး တစ်မျိုးတမည် ထင်လာခဲ့သည်။
နန္ဒဘုရင် နန်းတက်လာပြီးနောက် ဟံသာဝတီနေပြည်တော်တွင် သာသနာ့သန့်ရှင်းရေးဟုဆိုကာ ဘုန်းကြီးအများအပြား နှင်ထုတ်ခံရသလို အချို့ကို လူဝတ်လဲခိုင်းခဲ့ကြသည်။ ဘုရင်၏သံသယစိတ် ကြီးထွားမှုကြားတွင် ဟံသာဝတီနေပြည်တော်ရှိ ဘုန်းကြီးရဟန်းများမှာ သီတင်းသုံးရ ကြပ်တည်းလာခဲ့၏။ အထူးသဖြင့် ဟံသာဝတီမှ မွန်လူမျိုး ဘုန်းကြီးများသည် ရှင်ဘုရင်၏အငြိုငြင် ခံရ၏။
ထို့ကြောင့် သာသနာ့ဝန်ထမ်းဖြစ်လျက် လောကီပညာ လိုက်စားသည်ဟု အကြောင်းပြကာ မွန်လူမျိုးများဖြစ်သော ဗားမဲ့ဆရာတော်၊ ဗားတမော့ဆရာတော်တို့ကို နေပြည်တော်မှ ညောင်ရမ်းသို့ နယ်နှင်ဒဏ်ပေးထားခြင်း ဖြစ်လေသည်။
ယခုဆိုလျှင် ညောင်ရမ်းတွင် ဆရာတော် သီတင်းသုံးနေသည်မှာ သုံးနှစ်ပင် ကြာခဲ့ပြီ။
ထိုသုံးနှစ်အတွင်း ညောင်ရမ်းမင်းသားနှင့် ဗားမဲ့ဆရာတော်တို့မှာ အထူးရင်းနှီးသိကျွမ်းခဲ့လေ၏။ ဆရာတော်က မင်းသားအတွက် ကူညီပံ့ပိုးပေးခဲ့၏။ နိုင်ငံရေးရာတွင်လည်း အကြံဉာဏ်များ ပေးခဲ့၏။
ယခုလည်း နေပြည်တော်အခြေအနေကို ဆရာတော်ဆီ လာရောက် လျှောက်ထားခြင်း ဖြစ်သည်။
“တောင်ငူနဲ့ ဇင်းမယ်မင်းတို့ဘက်ကရော ဘယ်လိုအခြေအနေ ရှိသလဲ”
“နောင်တော် မင်းနှစ်ပါးကလည်း ....”
ညီနောင်အချင်းချင်း မကောင်းမပြောလိုသဖြင့် ရှင်သစ္စာက စကားကို မဆက်ဘဲ ရပ်ထားလိုက်၏။ ဇင်းမယ်မင်း နော်ရထာက မိမိ၏မအေကွဲနောင်တော်၊ တောင်ငူမင်း မင်းရဲသီဟသူက တစ်ဝမ်းကွဲနောင်တော် ဖြစ်သည်။
ထိုနှစ်ယောက်စလုံးက မိမိကို သာမန်အရပ်သူမိဖုရားမှမွေးသော မင်းသားအဖြစ်သာ သဘောထားသော်ငြား မိမိကတော့ နောင်တော်များကို ရိုသေရမည်ဟု သဘောပိုက်ထားသည်။
ဖခင် မဖြေဆိုချင်သည့်မေးခွန်းကို သားဖြစ်သူ သခင်လတ်ကပင် ဝင်ရောက်ဖြေဆိုလိုက်သည်။
“ဘကြီးတော်တွေအားလုံး ပုန်စားပုန်ကန်ပြုတော့မှာ အသေအချာပါပဲ ဆရာတော်ဘုရား”
“အိမ်း .. သူတို့လဲ ဟံသာဝတီပြည့်ရှင် နန္ဒဘုရင်လို စီမံအုပ်ချုပ်မှုညံ့ဖျင်းတဲ့ ဧကရာဇ်တစ်ပါးထံမှာ အချိန်ဘယ်လောက်ကြာကြာ သစ္စာခံနိုင်မှာတုံး ... အနာဂတ်အတွက် ဆရာတော် ရင်လေးမိတာက ထီးဆောင်းမင်းတွေရဲ့စစ်ပွဲကြားမှာ ပြည်သူပြည်သားတွေ အိုးကွဲအိမ်ကွဲနဲ့ ဒုက္ခအတိရောက်တော့မှာကိုပဲ”
“တင်ပါ့ဘုရား .. ဆရာတော် သိတဲ့အတိုင်း နတ်သျှင်နောင်မင်းသားတို့သားအဖဟာ ဟံသာဝတီရဲ့သစ္စာခံ ဆိုလင့်ကစား ဘကြီးတော်ဘုရားနဲ့ သိပ်ပြီး သဟဇာတမဖြစ်တဲ့အပြင် တစ်နေ့ကျရင် ဟံသာဝတီကို ပုန်စားပုန်ကန်ပြုတော့မယ့် အရိပ်အယောင်တချို့ကို မြင်မိထားပါတယ်”
ဆရာတော်က ထန်းဖူးစာရွက်နှင့် ကညစ်တံကို သိမ်းဆည်းလိုက်ပြီး ညောင်ရမ်းမင်းသား ရှင်သစ္စာဘက်သို့ လှည့်ကာ မိန့်ကြားတော်မူသည်။
“ဒကာတော် ရှင်သစ္စာကကော ... မုန်ယိုနေတဲ့ ဆင်ရိုင်းတွေကြားမှာ ဘယ်လိုဆင်မျိုးအဖြစ် ရပ်တည်မယ်လို့ စဥ်းစားထားလဲ”
“တင်ပါ့ဘုရား .. နောင်တော် ဟံသာဝတီပြည့်ရှင်ဟာ ခမည်းတော်ဘုရား နတ်ပြည်စံတော်မူကတည်း တပည့်တော်အတွက် ဖခင်တစ်ယောက်လိုပါပဲ ... ဒါ့အပြင် တပည့်တော်ရဲ့ကျေးဇူးရှင်လည်း ဖြစ်ပါတယ် .. ဒါကြောင့် ဘယ်သောအခါမှ နောင်တော်ရဲ့ကျေးဇူးသစ္စာကို ဖောက်ဖျက်မှာ မဟုတ်ပါဘူး ဆရာတော်ဘုရား ... နောက်ပြီး ကမ္ဘောဇ မောရှမ်းတစ်ခွင် စိတ်တိုင်းကျအုပ်ချုပ်ခွင့် ပေးထားခဲ့ပြီးသား မဟုတ်လား ... အဲဒီကျေးဇူးတရားနဲ့တင် နောင်တော်ဘုရားရဲ့သစ္စာခံ ဆက်ဖြစ်နေဖို့ လုံလောက်နေပါပြီ”
ဖခင်ဖြစ်သူ၏သဘောထားကို သခင်လတ် သဘောမကျ။
“တပည့်တော်ဖြင့် ဒီလိုမမြင်ပါဘူး ဆရာတော်ဘုရား”
ဗားမဲ့ဆရာတော်က ပြုံးလိုက်ပြီး သခင်လတ်ဘက်သို့ လှည့်၍ မေးပြန်သည်။
“မင်းသားက ဘယ်လို မြင်သတုံး”
“တင်ပါ့ .. ကမ္ဘောဇတိုင်း ခေမာဝရတိုင်း အစရှိတဲ့ မောရှမ်းနယ်များဟာ ဘကြီးတော် နန္ဒဘုရင် နန်းတက်စကပင် တစ်စင်ထောင်ချင်နေတာ ကြာလှပြီပဲ ... အင်းဝဘုရင် သတိုးမင်းစော ပုန်စားတုန်းက ကိုးရှမ်းစော်ဘွား သဘောထား မူမမှန်ဖြစ်ခဲ့တာ အားလုံးအသိပါဘုရား ... သည်ကြားထဲ လက်အောက်ခံ နယ်စားပယ်စားတွေ ရိုင်းပြကုန်လို့ ဟံသာဝတီရဲ့အာဏာစက် မသက်ရောက်တာ အတန်ကြာခဲ့ပြီ မဟုတ်လား ... အဲဒီနယ်ပယ်မျိုးတွေကို ခမည်းတော်ထံ လွဲပေးပြီး ညီတော်ပဲ အုပ်ချုပ်လိုက်ပါ ဆိုတာက တုတ်ပေးပြီး ခွေးရိုက်ခိုင်းတာနဲ့ ဘာထူးသတုံး ..”
သခင်လတ်က ပြောရင်းဆိုရင်း ဒေါသသံပါသလို ဖြစ်လာ၏။ ရှင်သစ္စာက သားဖြစ်သူကို ဆက်မပြောတော့ရန် မျက်ရိပ်ပြသည်။
သခင်လတ်က ခမည်းတော်ကို မကြည့်။
“ဘဝရှင်မင်းတရားကြီးနဲ့ တောင်ငူမင်း ဇင်းမယ်မင်းတို့ဟာ ဆွေမျိုးအရင်းအချာတွေဆိုပေမယ့် သွေးသားသံယောဇဥ်တွေ ရှိကြတာ မဟုတ်ပါဘူး .. အထူးသဖြင့် နတ်သျှင်နောင်ဟာ လူကသာ စာသမား ပေသမားလို့ ထင်ရပေမယ့် ဟံသာဝတီရဲ့ရာဇပလ္လင်ကို ဖျက်ဆီးဖို့ ချိန်ရွယ်နေတာ အသိသာကြီးပါ .. သူတို့သားအဖဟာ ကေတုမတီတောင်ငူကို အခြေပြုပြီး ဘိုးတော်ဟံသာဝတီများရှင်လို ကြီးမားတဲ့စကြာဝတေးမင်းအဖြစ်ကို စိတ်ကူးယဥ်နေသူများ ဖြစ်ပါတယ် ... နောက်ပြီး အနောက်ရိုးမ ဓညဝတီ ရခိုင်မင်းနဲ့လည်း စာသဝဏ်အသွားအလာ ရှိတယ်လို့ ကြားသိရပါသေးတယ်ဘုရား”
“ဒါဖြင့် ဇင်းမယ်မင်း နော်ရထာကိုရော ဘယ်လိုထင်မြင်သလဲ မင်းသား”
ဇင်းမယ်မင်းဆိုသည်မှာ ရှင်သစ္စာ၏မအေကွဲ နောင်တော်တစ်ပါးပင် ဖြစ်သည်။
ဇင်းမယ်မင်းက ခမည်းတော် ဘုရင့်နောင်လက်ထက်ကတည်းက ဇင်းမယ်ကို အပိုင်စားရထားသူ ဖြစ်ပြီး စစ်ရေးရော အုပ်ချုပ်ရေးကိုပါ ကျွမ်းကျင်လိမ္မာဖြစ်သည့်အပြင် စာဆိုတော်တစ်ဦးအဖြစ်လည်း နာမည်ကြီးသည်။
“ဇင်းမယ်မင်းလည်း တောင်ငူမင်းနဲ့ အတူတူပါပဲ ဘုရား .. ဘကြီးတော် နော်ရထာဟာ တောင်ငူမင်းနဲ့ သင့်မြတ်လို့ တောင်ငူသာ ပုန်စားရင် ဇင်းမယ်က တောင်ငူရဲ့ ပထမဆုံး မဟာမိတ်ဖြစ်လာပါလိမ့်မယ် ... ဇင်းမယ်မင်းနှမတော်ကို အရင်အိမ်ရှေ့မင်းက အတင်းအဓမ္မ သိမ်းပိုက်ခဲ့တဲ့အငြိုးလည်း ရှိခဲ့တယ်မလား ... အခု အိမ်ရှေ့မင်းလည်း နတ်ရွာစံခဲ့ပြီမို့ ဇင်းမယ်မင်းအဖို့ ထောက်ထားရမယ့် သံယောဇဥ်မရှိတော့ပါဘူး”
ဗားမဲ့ဆရာတော်က ခေါင်းကို ဖြည်းညင်းစွာ ငြိတ်လိုက်၏။
ဟံသာဝတီနိုင်ငံတော်ကြီး၏လက်အောက်တွင် မြောက်မြားစွာသော လက်အောက်ခံ နိုင်ငံငယ်လေးများရှိပြီး ထိုနိုင်ငံငယ်လေးများကို ထီးဖြူဆောင်းအုပ်ချုပ်နေသည့် ဘုရင်ခံများမှာလည်း တစ်ဦးနှင့်တစ်ဦး ဆွေမျိုးတော်စပ်နေသူများသာ ဖြစ်သည်။
ဟံသာဝတီပြည့်ရှင် နန္ဒဘုရင်၊ ဇင်းမယ်ဘုရင်ခံ နော်ရထာ၊ ညောင်ရမ်းဘုရင်ခံ မင်းရဲနန္ဒမိတ် ဘွဲ့ခံ ရှင်သစ္စာ တို့မှာ အရှေ့တောင်အာရှတစ်ခွင် ပြိုင်ဘက်ကင်းခဲ့သော ဘုရင့်နောင်မင်းတရားကြီး၏ သားတော်ရင်းများ ဖြစ်၏။ တောင်ငူဘုရင်ခံ မင်းရဲသီဟသူက ဘုရင့်နောင်၏ညီတော် မင်းခေါင်မှ ဆင်းသက်လာသူ ဖြစ်၍ နန္ဒဘုရင်၏ တစ်ဝမ်းကွဲညီ ဖြစ်သည်။ ပြည်ဘုရင်ခံ မင်းကြီးနှောင်း၊ အင်းဝဘုရင်ခံ မင်းရဲကျော်စွာတို့မှာ နန္ဒဘုရင်၏သားတော်များ ဖြစ်၍ ညောင်ရမ်းမင်းသား၏တူတော်များလည်း ဖြစ်သည်။
ထို့အပြင် ဘုရင်ခံတို့၏မိဖုရားများမှာလည်း တစ်ဖက်နှင့် သားပေးသမီးယူ၊ နှမချင်း ဖလှယ်၍ လက်ဆက်ထားသူများ ဖြစ်သောကြောင့် အကြီးမားဆုံး တော်ဝင်မိသားစုကြီးတစ်ခုဟု ဆိုနိုင်သည်။
မည်မျှပင် ဆွေမျိုးညာတိတော်စပ်စေကာမူ နန္ဒဘုရင် သားတော် မင်းကြီးနှောင်းလို မင်းသားကပင် ကိုယ့်ခမည်းတော်အရင်းကို ပြန်၍ပုန်ကန်နေချိန်တွင် ညီနောင်သားချင်းဆွေမျိုးရင်းဟူသော တော်စပ်မှုများမှာ အသုံးမဝင်တော့ချေ။
ခမည်းတော် ဘုရင့်နောင်လက်ထက်တွင် နိုင်ငံတော်ကို စနစ်တကျ စည်းရုံးထိန်းသိမ်းထားနိုင်ခဲ့သော်ငြား သားတော် နန္ဒဘုရင်သည် အလွန်ကျယ်ဝန်းလှသော ဧကရာဇ်နိုင်ငံတော်ကြီးကို မထိန်းသိမ်းတတ်အောင် ဖြစ်ခဲ့သည်။ အထူးသဖြင့် မိသားစုရေးရာကိစ္စများမှတဆင့် ဟံသာဝတီတော်ဝင်မျိုးနွယ်အက်ကြောင်းက အစပျိုးလာခဲ့ခြင်း ဖြစ်သည်။
တောင်ငူမြို့
ဂူလီသဘင် ကျင်းပရာ ကွင်းပြင်
“နောင်တော် မကြွလာသေးဘူးလား..”
“ရဲစောသီဟကလည်း အလောဖြင့် ကြီးနေပါကော.. သံခိုငယ်ကို စေလွှတ်လိုက်ပြီပဲဟာ”
ပုဆိုးကို ခါးတောင်းမြောက်အောင် ကျိုက်ထားသော မင်းသားနှစ်ပါးမှာ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေဟန် ရှိသည်။ ၎င်းတို့အနီးတွင် မင်းသားငယ်တစ်ပါးသည် ကြိုးချည်ထားသော မြင်းများနှင့် ဆော့ကစားနေလေသည်။
“အလောကြီးရမယ်ပါ့ နောင်တော်ရေ... ဟိုတစ်ခေါက်တုန်းကဖြင့် သုံးပွဲ ဆက်တိုက်.. ရှုံးထားတာကို အစား ပြန်ပြီး ဖာထေးရမယ်... ညီတော် ဆက်တိုက် မြင်းစီးလေ့ကျင့်နေတာ.. သည်ဟာကြောင့်ပေါ့... ကေတုသွေးပီပီ.. ဂူလီပွဲမှာ ဗိုလ်စွဲစေရမယ်”
“အောင်မယ်.. ညီတော်က နောင်တော်နတ်သျှင်ကို အနိုင်ယူမယ်ပေါ့... အရင်ပွဲတုန်းက နောင်တော်တို့ တမင်တကာ အလျှော့ပေးပြီး ကစားခဲ့တာတောင်.. ညီတော်ဖြင့် မြင်းပေါ်မှာ ချာလပတ် လည်လို့ မဟုတ်လား”
မင်းသားသုံးပါးထဲတွင် အကြီးဆုံးဖြစ်သူ နရာဓမ္မက ညီလတ် ရဲစောသီဟကို ပြောရင်း ညီအထွေးဆုံးဖြစ်သူ နေမျိုးဒတ္တဘက်သို့ လှည့်ကြည့်လိုက်၏။
“ဟဲ့.. ဟဲ့.. မြင်းကို မဆော့နဲ့လေ... သည်မြင်းက ကန်တတ်တယ်ဟ.. ”
မင်းသားလေး နေမျိုးဒတ္တက အစ်ကိုဖြစ်သူကို လျှာထုတ်၍ ပြောင်ပြသည်။ ထို့နောက် မြင်း၏တင်ပါးကို ရွှမ်းကနဲ သွားရိုက်ပြသည်။
“မလုပ်နဲ့.. နေမျိုးဒတ္တ... မြင်းကန်ရင် မလွယ်ဘူး”
မြင်းဘက်သို့ စိတ်ရောက်နေသော နရာဓမ္မက ရဲစောသီဟကို ဂရုမစိုက်အား။ ရဲစောသီဟကလည်း အစ်ကိုဖြစ်သူ နားထောင်နေသည်အထင်နှင့် သူပြောချင်သည့်စကားကို ဆက်ပြောနေသည်။
“ဒီတစ်ခေါက်တော့ဖြင့် .. ညီရင်း နောင်ရင်း အမှတ်မထားဘဲ စွမ်းရည်အစစ် တကယ်ယှဉ်ဖို့ နောင်တော်ကို ပြောရမယ်”
“မလုပ်နဲ့... နောင်တော့်စကား နားမထောင်ရင် နာတတ်တယ်နော်”
နေမျိုးဒတ္တက ပြောင်ရွှတ်ရွှတ်လုပ်ပြရင်း ကလေးပီပီ မြင်းတင်ပါးကို ခပ်ကြမ်းကြမ်း ထပ်ရိုက်ရင်း မြက်ခင်းပြင်ထဲ ပတ်ပြေးသယောင် ပြုသည်။
သို့သော် နရာဓမ္မကလည်း လိုက်မဖမ်းပါ။
ဂူလီပွဲ မစခင် ဘာအင်အားမှ မသုံးချင်။ နေပူထဲမှာ ညီထွေးဖြစ်သူနှင့် ဆော့ချင် ကစားချင်စိတ်လည်း မရှိ။
“ဟော.. နောင်တော် လာပြီ... ဟဲ့.. အစေခံတွေ.. ဘာကို ကြောင်ကြည့်နေသတုံး... နောင်တော်ဘုရားကို ကြိုကြလေကွယ့်”
နရာဓမ္မက ကွင်းပြင်ထဲသို အေးအေးသက်သာ ဝင်လာသော နောင်တော် နတ်သျှင်နောင်ကို မြင်သွားပြီး အစေခံများကို အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
နတ်သျှင်နောင်မင်းသားသည် ၎င်းဆင်ယင်နေကျ အဝတ်အဆင်တန်ဆာများကို ပေါ့ပေါ့ပါးပါးပင် ဆင်ယင်ထား၏။ သေသပ်ကျနသော သျှောင်ကို အကောင်းစားဆီဖြင့် လှပစွာ ဘေးတစောင်းအနေအထား ထုံးထား၏။
နေရောင်ခြည် အနည်းငယ်ဟပ်နေသော နောင်တော်ဖြစ်သူ၏ကျော့ရှင်းသော မျက်နှာကို ညီတော်သုံးပါးစလုံးက ပြုံးပြုံးကြီး ကြည့်၍ ကြိုဆိုကြလေသည်။
နတ်သျှင်နောင်၏ဘေးတွင် ရှင်သံခိုက ဂူလီရိုက်သည့်တုတ်တော်ကို တယုတယ ကိုင်ရင်း လိုက်ပါခစား၏။
“နောင်တော်ဘုရားဖြင့် ကြာလှပါကော... ဒီနေ့ဖြင့် တိုင်းပြည်ရေးရာ စီမံစရာများ ရှိလို့လား”
ညီလတ် ရဲစောသီဟ၏အပြစ်တင်မှုကို နတ်သျှင်နောင်က ပြုံးပြုံးကလေး ပြန်ဖြေသည်။
“ဒီနေ့ ရာသီဥတု သာယာတာနဲ့ လေသာဆောင်မှာ ရတုတစ်ပုဒ် ရေးစပ်ရင်း ဈာန်ဝင်စား လွန်သွားလို့ပါ... သံခိုငယ် လာတာကိုလည်း သိပါတယ်... သို့ပေမယ့်.. ချက်ချင်း ထလာရင် သီကုံးလက်စ ရတုကလေးကို သံယောဇဉ် ငြိတွယ်နေတာနဲ့ မကြွလာ ဖြစ်တာပါ့”
“ညီတော်ဖြင့် သတိထားမိတာ အတန်ကြာပြီကော... ခုရက်ပိုင်းအတွင်း ရတုကို အချိန်တိုင်း ရေးနေတာပဲနော်... ဟိုတစ်နေ့က ပွဲတော်တည်ရင်း တန်းလန်းနဲ့ အိပ်ဆောင်ကို ငေါက်ကနဲ ထသွားလို့ နန်းတွင်းသားတွေ လန့်ကုန်တယ်ဆို..”
“ဟင်.. ဘယ်သူ ပြောတာတုံး.. ရဲစောသီဟ... နောင်တော်လည်း မကြားရသေးပါလား”
နရာဓမ္မက ဝင်မေးသည်။ ရဲစောသီဟက နရာဓမ္မကို မကြည့်။ သူ့စကားကိုသာ ဆက်တိုက်ပြောနေ၏။
“အဲသည်မှာ.. နောင်တော် အမျက်ရှသွားတယ်ဆိုပြီး နန်းတွင်းသားတွေ ပွက်ပွက်ကို ညံလို့... မယ်တော်ဘုရားကိုယ်တိုင် လိုက်ပြီး ကြည့်တော့မှ ပေရွက်တစ်ခုကိုင်ပြီး ကညစ်တံနဲ့ အသည်းအသန် ကဗျာစပ်နေတာ တွေ့ရသတဲ့”
နတ်သျှင်နောင်က ပြုံးရုံကလေး ပြုံးကာ ပြန်မေး၏။
“ဘယ်သူ နှုတ်ဖွာလိုက်သလဲ ရဲစောသီဟရဲ့..”
ရဲစောသီဟက ပြောရန် ပါးစပ်ပြင်ပြီးမှ ဘေးပတ်ဝန်းကျင်ကို လိုက်လံကြည့်ဟန် ပြုနေ၏။
“သည်လိုပဲ.. နန်းတွင်းမှာ သွားရင်း လာရင်း ကြားမိတာပဲ... ညီတော် ကြားတာ အမှန်ပဲမလား”
နတ်သျှင်နောင်က ပြုံးသောမျက်နှာဖြင့်ပင် ခေါင်းညိတ်လိုက်၏။ အနီးရှိ ရှင်သံခိုက မခံချင်သလို ဝင်ပြောသည်။
“သည်နန်းတွင်းသူတွေ.. မိန်းမပီပီ နှုတ်မစောင့်တာ လွန်ပါသကော”
ရဲစောသီဟကတော့ ရှင်သံခိုကို ကြည့်ပြီး ပြုံးစိစိလုပ်နေ၏။
“အနုပညာဆိုတာ ဖြတ်ကနဲ ပေါ်လာတဲ့ စိတ်ဝိညာဥ်အတွေးနဲ့ နူးညံ့ပျော့ပျောင်းတဲ့ အလင်္ကာရသတွေကို ပေါင်းစပ်နိုင်တုန်း တဒင်္ဂအတွင်းမှာ.. နောင်တော်တို့က ပေရွက်ပေါ်မှာ ရွှေကညစ်နဲ့ ချပြီး တေးမှတ် ရေးစပ်ရတာမလား ညီတော်တို့ရဲ့... အနုပညာဉာဏ် ထွက်ပေါ်လာတုန်း အချန်တဒင်္ဂ ခဏလေးကို အလွတ်မပေးဘဲ မုဆိုးက သားကောင်ကို စောင့်သလို ဖမ်းယူမှသာလျှင်.. ပြည့်စုံကောင်းမွန်တဲ့ တေးကဗျာလင်္ကာတွေ ဖန်တီးနိုင်မှာပေါ့”
နောင်တော်ကြီး နတ်သျှင်နောင်သည် စာသံပေသံ စွက်၍ ဖြည်းဖြည်းချင်း ဆိုလေသည်။
ညီအငယ်ဆုံး နေမျိုးဒတ္တက နတ်သျှင်နောင်ကို ငေးကြည့်သည်။
နောင်တော်သည် ရွှေနန်းထက်ဖွား တော်ဝင်မင်းသားတစ်ပါး ဖြစ်သော်ငြား ငယ်စဥ်ကတည်းက ခမည်းတော်နှင့်အတူ စစ်ပွဲကြားထဲတွင် လူသတ်လက်နက်များစွာဖြင့် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။
သို့သော် ရက်စက်သော စစ်ပွဲများအတွက် ဓားရေး၊ လှံရေး အမြဲလေ့ကျင့်နေရသည် ဖြစ်လင့်ကစား သူ မြတ်နိုးသော စာပေဂီတအနုပညာနှင့်လည်း ဝေးကွာ မသွား။
ဓားကိုင်သောလက်သည် ပေရွက်နှင့် ကညစ်တံကို မချခဲ့။
မင်းသားအကြောင်း မသိသောသူများသည် နတ်သျှင်နောင်ကို ယိုးဒယားတပ်မှူးကြီးများကို ရှေ့တန်းမှ တိုက်ခိုက်ခဲ့သူ စစ်သည်တော်တစ်ဦးဟု ယုံချင်မှ ယုံပေလိမ့်မည်။
အပြောအဆိုနှင့် ရုပ်ရည်ရူပကာ လွန်စွာမှ သိမ်မွေ့နူးညံ့၍ အနုပညာဂီတတွင် သူမတူအောင် ထူးချွန်တတ်မြောက်သည့်အပြင် လက်ရုံးရည်ဘက်တွင် ပေါက်မြောက်ထင်ရှားသော နောင်တော်ကို ကေတုမတီ တောင်ငူပြည်တစ်ခွင်ရှိ မိန်းကလေးများ၏ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဖြစ်နေသည်မှာ အဘယ်သို့ ထူးဆန်းအံ့နည်း။
“ကိုင်း.. ဂူလီသဘင် စကြစို့လား”
မင်းသားသုံးပါးလုံးသည် ပုဆိုးကို အောက်ပိုးကျိုက်လျက် အစေခံများ အသင့်ဆွဲယူလာသော မြင်းများပေါ်သို့ ခုန်တက်လိုက်ကြလေသည်။ ထို့နောက် အစေခံများက သက်ဆိုင်ရာ ဂူလီရိုက်သည့် တုတ်တံများအား လာရောက်ဆက်သကြလေသည်။
“ဂူလီရိုက်တံပါ.. မင်းသား”
နတ်သျှင်နောင်သည် ရှင်သံခို ဆက်သသည့် ဂူလီရိုက်တုတ်ကို ယူလိုက်ပြီး လေပေါ်တွင် ဘယ်ညာ လွှဲ၍ အစမ်း ရိုက်ကြည့်၏။ ထို့နောက် သွေးပူအောင် ကွင်းပြင်ထဲတွင် မြင်းကို တစ်ပတ်စီးလိုက်လေသည်။
ကွင်းထဲတွင် မဝင်လာသေးသော ရဲစောသီဟက ပွဲကြည့်ပရိသတ်လုပ်မည့် ညီအထွေးဆုံး နေမျိုးဒတ္တကို လှမ်းမေး၏။
“ထိုင်ပြီး ကြည့်မယ့် အရှင့်သားတော်ကလေး... ဘယ် မင်းသားကို အားပေးမှာတုံးဗျ”
“နိုင်ဖို့သေချာတဲ့လူကို အားပေးမှာပေါ့.. နောင်တော်ရယ်.. ”
ထိုအခါ နရာဓမ္မက မြင်းပေါ်၌ ကွမ်းဝါးနေရင်း ဝင်ပြောသည်။
“နောင်တော်ကြီးကိုပဲ အားပေးမှာပေါ့... အလကား လိုက်မေးလို့”
ရဲစောသီဟက မချိပြုံးကလေးဖြင့် နရာဓမ္မ၏ တစ်ဝက်ပေါ်နေသော ပေါင်သားကို ကြည့်ပြီးနောက် နေမျိုးဒတ္တဘက် ပြန်လှည့်ကာ
“ညီတော်ရေ.. ဂူလီပွဲမှာ ကြိုက်တဲ့သူကို အားပေးနိုင်သပါ့ .. သို့ပေသိ ပေါင်မှာ ထိုးကွင်းမရှိတဲ့ သူတွေကိုတော့ အားမပေးလေနဲ့.. ”
“သယ်.. သည်ကောင်...”
ထိုးကွင်းမင်ကြောင် မထိုးနှံရသေးသော နရာဓမ္မက ကွမ်းဝါးသံကြီးဖြင့် ဆဲရင်း ဂူလီရိုက်တုတ်ဖြင့် ရွယ်လိုက်မှ ရဲစောသီဟလည်း ကွင်းထဲသို့ မြင်းဖြင့် ပြေးဝင်သွားလေသည်။
နေမျိုးဒတ္တက တခစ်ခစ် ရယ်၏။
နရာဓမ္မကလည်း ရယ်နေသော နေမျိုးဒတ္တကို ဂရုမပြုသည့်ဟန်ဖြင့် ကွင်းပြင်ထဲသို့ အသာကလေး လိုက်၍ဝင်သွားလေသည်။
(ဆက်လက်ဖော်ပြပါမည်။)
Comments
Post a Comment